Friday, March 20, 2015

အပစ်ရပ်စာချုပ်တွင် “တော်လှန်ရေး” စာလုံးကို ထည့်သွင်း အသုံးပြုရန် သဘောတူညီချက် ရရှိ


တနိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA)တွင် တိုင်းရင်းသားအဖွဲ့များ၏အမည်ကို တိုင်းရင်းသားလက်နက် ကိုင် တော်လှန်ရေး အဖွဲ့များဟူ၍ ထည့်သွင်းရန် အစိုးရမှ သဘောတူညီလိုက်ပြီဟု သတင်းရရှိသည်။ထို သဘောတူညီချက် ရရှိခြင်းနှင့် ပတ်သက်ပြီး မတ်လ ၁၉ ရက်က ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန(MPC)တွင် ပြုလုပ်သည့် အစိုးရ ကိုယ်စားလှယ် များနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) တို့၏ NCA ၇ ကြိမ်မြောက် ဆွေးနွေးပွဲ တတိယရက်အပြီးတွင် NCCT ကိုယ်စားလှယ်များ က ပြောဆိုခြင်း ဖြစ်သည်။
NCCT ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက “ဒီနေ့ အောင်မြင်မှုက တိုင်းရင်းသား ဘက်က တင်ပြချင်တာ က အရင်တုန်းက ခဏခဏ တစ်ဆို့ နေတဲ့ စကားလုံးဖြစ်တဲ့ တော်လှန်ရေးဆိုတာ အဆင်ပြေ သွားပါပြီ”ဟု ဧရာဝတီသို့ ပြောသည်။

အစိုးရဘက်က တော်လှန်ရေး ဟူသည့် စကားလုံးနှင့် ပတ်သက်၍ ယခင်က လုံးဝလက်မခံခဲ့ဘဲ ယခုအခါ “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တော်လှန်ရေးအား အခြေခံသော နိုင်ငံရေးဆန္ဒကို အသိအ မှတ်ပြုသောအားဖြင့်”လက်ခံလိုက်ခြင်း ဖြစ် သည်ဟုလည်း သိရသည်။

လက်ရှိ NCA ဆွေးနွေးမှု၌ အခန်း(၇) ခန်းရှိသည့် အနက် (၅) ခန်းထိ ဆွေးနွေးပြီး ဖြစ်သော်လည်း ထိုအ ခန်းများတွင် ပါရှိသည့် အပစ်ရပ်ပြီးနောက် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စရပ်များ၊ အပစ် ရပ်ပြီးနောက် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲကို မည်သည့်ပုံစံဖြင့် ကျင်းပမည်၊ အပစ်ရပ်ပြီးနောက် ပစ်ခတ်မှု ပြန်လည်မဖြစ်စေရန် ပူးတွဲလုပ်ဆောင်မည့် ကိစ္စရပ်များကို မည်သည့် ပုံစံဖြင့် သွားမည် ဟူသည့် အချက်များသည် သဘောတူညီမှု မရရှိသေးဟု ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းက ပြောသည်။

ထိုအချက်များအပြင် အပစ်ရပ်စာချုပ် လက်မှတ်ထိုးသည့်အခါ ပါဝင်မည့် အင်အားစုများ၊ အသိသက်သေ အဖြစ် ပါဝင်မည့်သူများ ကိစ္စကိုလည်း မဆွေးနွေးရသေးကြောင်း သိရသည်။

အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်နိုင်ဦးက“ကျန်ရှိနေ တဲ့ အချက်တွေမှာလည်း နှစ်ဖက်က အပြန်အလှန် ဆွေးနွေးတာ အတော်လေး တူနေပါပြီ၊ အခြေအနေကောင်းနေပါပြီ”ဟု ပြောဆို သည်။

အပစ်ရပ်စာချုပ် ဆွေးနွေးရာတွင် NCCT ဘက်မှ ထည့်သွင်းပြောဆိုနေသည့် ကချင်ပြည်နယ်၊ ကိုးကန့်ဒေ သ၊ ပလောင်(တအာင်း) ဒေသ တို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများ လျှော့ချရေးအဖြစ် ထည့်သွင်း ဆွေးနွေးထားသော် လည်း အစိုးရဘက်မှ တိကျသည့် အဖြေမရရှိသေးဘဲ NCA အပြီးသတ် ချုပ်ဆိုပြီးမှသာ ရပ်တန့်သွားမည့် သဘောရှိသည်ဟု NCCT ခေါင်းဆောင်တချို့က ဧရာဝတီ ကို ပြောသည်။

အစိုးရဘက်ကမူ တိုက်ပွဲများ ရပ်တန့်ရန် ထိန်းချုပ်နိုင်မည့် ယန္တရားတခုကို NCCT နှင့် အတူ အကောင်ထည်ဖော် သွားမည်ဟု ဆို သည်။

NCA ၇ ကြိမ်မြောက် အစည်းအဝေးကို မတ်လ ၁၇ ရက်မှ ၂၁ ရက်အထိ ငါးရက်ကြာ ကျင်းပမည်ဖြစ်ပြီး မတ်လ ၁၇ ရက်နှင့် ၁၈ ရက်တွင် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ကချင်ပြည်နယ်၊ ပလောင်(တအာင်း)ဒေသ နှင့် ကိုးကန့်ဒေသ တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ ပဋိပက္ခများကိုလျှော့ချရန် ဆွေးနွေးခဲ့ပြီး NCA တွင် အရေးကြီး အခန်းကဏ္ဍများဖြစ်သည့် အခန်း(၃) အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ကိစ္စရပ်များ၊ အခန်း(၄) အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစေရန် လုပ်ဆောင်ရမည့် အချက်များ ဖြစ်သည့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ် များတွင် သဘောတူညီချက် တချို့ ရရှိခဲ့ပြီး ဖြစ်သည်။

တပ်ပိုင်းဆိုင်ရာကိစ္စရပ်များတွင် အပစ်ရပ်ပြီးနောက် နှစ်ဖက်တပ်များ အပြန်အလှန် လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများ (Military code of conduct )၊ အပစ်အခတ် ရပ်စဲပြီးနောက် တပ်မတော်နှင့် တိုင်းရင်းသား တပ်များအကြား လိုက်နာရမည့် အပစ်ရပ် ကျင့်ဝတ်စည်းကမ်းများ(Casefire code of conduct ) ပါဝင်ပြီး အပစ်အခတ်ရပ်စဲရေးကို ပိုမိုခိုင်မာစေရန် ပစ်ခတ် တိုက်ခိုက်မှုကို စောင့်ကြည့်ရေး ပူးပေါင်းကော်မတီများ ချမှတ်သွားရန်လည်း ပါရှိသည်။

NCA မူကြမ်းတွင် အခန်း(၁) အခြေခံမူများ၊ အခန်း(၂) ရည်ရွယ်ချက်နှင့် ဦးတည်ချက်၊ အခန်း(၃) အပစ်အ ခတ်ရပ်စဲရေး ဆိုင်ရာ ကိစ္စရပ်များ၊ အခန်း(၄) အပစ်အခတ် ရပ်စဲရေးကို ခိုင်မာအောင် လုပ်ဆောင်ရမည့် အချက်များ၊ အခန်း(၅) နိုင်ငံရေး ဆွေးနွေးရန် အပြန်အလှန် ကတိပြုခြင်း၊ အခန်း(၆) စေ့စပ်ညှိနှိုင်းဆောင် ရွက်ရမည့် ကိစ္စရပ်များ၊ အခန်း(၇) အထွေထွေများ ဟူ၍ အခန်း (၇) ခန်း ရှိသည့်အနက် အခန်း (၁) မှ (၅) အထိ ဆွေးနွေးပြီးပြီဖြစ်သည်။



ဧရာဝတီ

No comments:

Post a Comment

My Blog List