Wednesday, March 18, 2015

အောင်တံခွန် သင်္ဘောနစ်မြုပ်မှု စုံစမ်းရေးအဖွဲ့ အစီရင်ခံစာ ပြည်နယ်အစိုးရသို့ တင်သွင်းမည်


ရခိုင်ပြည်နယ် တောင်ကုတ်-စစ်တွေ ပြေးဆွဲနေသည့် အောင်တံခွန် ၃ သင်္ဘော နစ်မြုပ်မှုနှင့်ပတ်သက်၍ စုံစမ်းရေးအဖွဲ့၏ အစီရင်ခံစာကိုပြည်နယ်အစိုးရအဖွဲ့ထံ မတ်လ ၁၈ ရက်တွင် တင်သွင်း မည် ဖြစ်ကြောင်း ပြည်နယ် အစိုးရက ထုတ်ပြန်ထားသည်။


ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ချင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးကိုကိုနိုင် ဥက္ကဋ္ဌ၊ ပြည်နယ် ဒု ရဲတပ်ဖွဲ့မှူးက ဒု ဥက္ကဋ္ဌ၊ ပြည်တွင်း ရေ ကြောင်း ပို့ဆောင်ရေးမှ လက်ထောက်မန်နေဂျာနှင့် မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ စသည့် မြို့နယ်များမှ အုပ်ချုပ်ရေး အာဏာပိုင် များ ပါဝင်သော အဆိုပါ စုံစမ်းရေး အဖွဲ့ကို မတ်လ ၁၄ ရက်က ဖွဲ့စည်း တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

အောင်တံခွန် ၃ သင်္ဘောသည် ကျောက်ဖြူမြို့မှ တဆင့် စစ်တွေသို့ ထွက်ခွာလာစဉ် မြေပုံမြို့နယ် ငပုသုန် ကျွန်းနှင့် မျောက်ကျွိန် ကျွန်း အနီး၌ မတ်လ ၁၃ ရက် ညနေ ၈ နာရီဝန်းကျင်၌ နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

သင်္ဘောပေါ်ပါ ခရီးသည်များ၏ ပြောဆိုချက်အရ ခရီးသည် ရာချီ၍ သေဆုံးကြောင်း သိရပြီး ယနေ့ အထိ ၆၇ ဦး၏ ရုပ် အလောင်းများကို ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။

သဘောင်္နစ်မြုပ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့၌ ပါဝင်သည့် ပုဂ္ဂိုလ်များသည် ပြည်နယ်အစိုးရ အဖွဲ့လက်အောက်ခံ ၀န်ထမ်းများ ဖြစ်နေခြင်းကြောင့် သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်၍ မှန်ကန်သည့်အဖြေ ထုတ်ဖော်နိုင်မှု အားနည်းနိုင်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က“စုံစမ်းရေး အဖွဲ့ဝင်တွေဟာ အစိုးရ ၀န် ထမ်းတွေ ဖြစ်နေတဲ့ အတွက် သူ တို့မှာ အပေါ်က ဖိအားပေးမှုတွေရှိမှာပါ၊ အဲဒါကြောင့် ဒီအဖွဲ့အနေနဲ့ အမှုမှန်ကို စုံစမ်းဖော်ထုတ်ပေးနိုင်လိမ့်မယ်လို့ မထင်ပါဘူး”ဟု ဧရာဝတီ ကို ပြောသည်။

အောင်တံခွန် သင်္ဘော ၃ နစ်မြုပ်မှုသည် ပြည်နယ်အစိုးရ၌ တာဝန်အပြည့်အ၀ ရှိသည်ဖြစ်၍ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့် ဖြင့် ဆောင်ရွက်ပေးရန်ဟုဆိုပြီး ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးက လက် မှတ်ရေးထိုး၍ စွပ်စွဲ ပြစ်တင်သည့် အရေးကြီး အဆို ကို ယနေ့ ကျင်းပသည့် ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့သည်။

ဦးအောင်မြကျော်က“ဒီလို အဖြစ်အပျက်မျိုး မဖြစ်ရအောင်ဆိုပြီးတော့ရေကြောင်း ခရီးစဉ်တွေကို စနစ်တ ကျ ဆောင်ရွက်ပေးဖို့ လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းပြီး အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်၊ ဒါပေမယ့် အစိုးရက ဘာမှလုပ်ဆောင်တာ မရှိသလို၊ အစိုးရနဲ့ပဲ မဆိုင်သလို လုပ်နေတဲ့အတွက် အခုလို အဖြစ်ဆိုးတွေ ဖြစ်လာရတာပါ”ဟု ပြောဆိုသည်။

အမှုမှန်ပေါ်ပေါက်ရေးအတွက် ပြည်နယ်လွှတ်တော်က ဆောင်ရွက်သွားမည် ဖြစ်ပြီး သေဆုံးသူများအား ထိုက် တန်စွာ နစ်နာကြေး ပေးရန်နှင့်အသက်ဘေးမှ လွတ်မြောက်လာသူများအတွက် ကူညီထောက် ပံ့နိုင်ရေးတို့ကိုလည်း အစိုးရကို တိုက်တွန်းသွားမည်ဟု ဦးအောင်မြကျော်က ဆိုသည်။

ထို့အတူ အောင်တံခွန် သင်္ဘော နစ်မြုပ်မှုအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့၍ အမှုမှန် ဖော်ထုတ်၍ တာဝန် ရှိသူများအား ထိရောက်စွာ အရေးယူနိုင်ရေး၊ ထပ်မံ၍ ယခုကဲ့သို့ မဖြစ်စေ ရန် ဆောင်ရွက်ရေးနှင့်သေဆုံးသူများအား ထိုက်တန်စွာ လျော်ကြေးပေးရန်အတွက် အရေးကြီး အဆို တခုကို မတ်လ ၁၆ ရက်က ကျင်းပသည့် ပြည်သူ့ လွှတ်တော်၌ တင်သွင်းခဲ့ရာ ပြည် သူ့ လွှတ်တော် ဥက္ကဋ္ဌ ပယ်ချခဲ့ကြောင်း သိရသည်။

အောင်တံခွန် နစ်မြုပ်မှုကိစ္စအား ပြည်နယ် အစိုးရအဖွဲ့ က ဆောင်ရွက်နေသည်ဟုဆိုပြီး ဥက္ကဋ္ဌ ဦးရွှေမန်း က ပယ်ချကြောင်း အရေးကြီး အဆိုတင်သွင်းခဲ့သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားထားသည်။

အောင်တံခွန် သင်္ဘော နစ်မြုပ်မှုနှင့်ပတ်သက်၍လည်း အစိုးရ အာဏာပိုင်များ၏ ထုတ်ပြန်ချက်နှင့် အသက် မသေဘဲ လွတ် မြောက်လာသူများ၊ ကယ်ဆယ်ရေး လုပ်ဆောင်နေသည့်အဖွဲ့များ၏ ပြောဆိုချက်များ ကွဲ လွဲနေဆဲ ဖြစ်သည်။

သင်္ဘောနစ်မြုပ်ရာတွင် အသက်မသေဘဲ လွတ်မြောက်လာသူများ၏ ပြောပြချက်အရ သင်္ဘောပေါ်၌ တင်ဆောင်လာသည့် ခရီးသည် စုစုပေါင်း ၃၀၀ ကျော်ပါရှိပြီး တရားဝင် လက်မှတ်မ၀ယ်ဘဲ ငွေပေး၍ လိုက်ပါလာသူ ခရီးသည် ရာချီ၍ရှိကြောင်း သိရသည်။ အစိုးရကမူ ၂၂၅ ဦးဟု ထုတ်ပြန်ထားသည်။

သင်္ဘောသည် မတ်လ ၁၃ ရက် ည ၈ နာရီဝန်းကျင်တွင် ရေနစ်မြုပ်ခဲ့ရာ နာရီအနည်းငယ်အကြာ၌ အနီးဝန်ကျင်မှ ငါးဖမ်း လှေများ ရောက်ရှိလာပြီး ကယ်ဆယ်နိုင်ခဲ့၍ လူ ၁၀၀ ကျော် အသက်ရှင် ခဲ့ခြင်း ဖြစ်ကြောင်း အသက်ဘေးမှ လွတ်မြောက်လာသူ ဦးမောင်စံဝင်း က ဧရာဝတီ ကို ပြောသည်။

၎င်းက“ကျနော်က သင်္ဘောမြုပ်ပြီးတော့ ရေထဲမှာ တနာရီလောက် နေခဲ့ရ ပါတယ်။ ငါးဖမ်းလှေက ကယ်လို့ ကျနော် အသက် ရှင် လာတာပါ။ အော် သံတွေ ညံနေတော့ ငါးဖမ်းစက်လှေတွေ ရောက်လာကြပြီး လူတွေ အများ အပြားကို ကယ်တင်နိုင်ခဲ့ပါတယ်။ ကျနော့်အထင်တော့ သင်္ဘောပေါ်မှာလူ ၃၀၀ ကျော်လောက်ရှိမယ် လို့ ခန့်မှန်းပါတယ်၊ အသက်ကယ် အင်္ကျီလည်း တယောက်မှ မရပါဘူး”ဟု ပြောပြသည်။

ငါးဖမ်းလှေများက ကယ်တင်၍ အသက်ရှင်ခဲ့သူများကို နောက်တနေ့ နံနက် ၈နာရီဝန်းကျင် တွင် ကျောက်ဖြူ ဒေသတွင် အခြေစိုက်ထားသည့် ဓည၀တီ ရေတပ်အာဏာပိုင်များက တပ်မတော်ရေ ယာဉ်များဖြင့် လာရောက်ခေါ်ယူပြီး ကျောက်ဖြူမြို့သို့ ပို့ဆောင် ပေးခဲ့ကြောင်း၊ ဒုက္ခသည် တချို့ကို ကျောက်ဖြူ အ.ထ.က ၄ စာသင်ကျောင်းတွင် ကယ်ဆယ်ရေး စခန်းဖွင့်၍ မြို့ခံများက ကူညီ စောင့်ရှောက် ကျွေးမွေး ထားကြောင်း ဒုက္ခသည်များကလည်း ပြောသည်။

အစိုးရပိုင် မီဒီယာများ၏ ဖော်ပြချက်များအရ သင်္ဘော၏ကုန်တင်နိုင်မှုသည် တန်ချိန် ၁၂၀ နှင့် လူဦးရေ စုစုပေါင်း ၁၇၆ ဦးသတ်မှတ် ထားကြောင်း၊ သို့သော် လက်ရှိ တင်ဆောင်ထားရာတွင် တန်ချိန် ၁၂၉ တန် နှင့် လူဦးရေ ၂၂၅ ဦး ဖြစ်ကြောင်းလည်း အစိုးရက ဆိုသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List