Tuesday, March 17, 2015

၆ ပွင့်ဆိုင်တွေ့ဆုံပွဲက ဖွဲ့စည်းပုံ ပြင်ဆင်ရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ပါ့မလား


ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လာမည့် ရက်အနည်းငယ်အတွင်း ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ စတင် တော့မည်ဟု တရားဝင် ထုတ်ဖော်ပြောဆိုထားရာ စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အကျပ်အတည်းကို မည်မျှအတိုင်း အတာထိ ဖြေရှင်း နိုင်မည်လဲ ဆိုသည်ကို နိုင်ငံရေးအသိုင်းအ၀ိုင်းက စိတ်ဝင် စားနေကြသည်။
သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ တိုင်းရင်းသားကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်၊ ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်မည့် ၆ ပွင့်ဆိုင်တွေ့ ဆုံပွဲတွင် တပ်မတော်နှင့် လက်ရှိအာဏာရ ပါတီ တို့ဘက်က နိုင်ငံရေး မျှခြေ အားသာ နေသောကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စသည် လည်း တိုင်းရင်းသား ပြည်သူ တရပ်လုံး ကျေနပ်နိုင်လောက်သည့် အဖြေ ရရှိနိုင်ဖွယ်မရှိဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ကြသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေးက “အရင်ဆွေးနွေးပွဲတွေလုပ်ခဲ့တယ်။ မယ်မယ်ရရ ရလဒ် လုံးဝမတွေ့သေးဘူး။ ရလဒ်မရှိဘဲနဲ့ တွေ့ပြီး လက်ဖက်ရည် သောက် ပြီး ကျန်းမာ လား၊ နေကောင်းလား ဆိုတာ လောက် နဲ့ ပြီးသွားရမှာမဟုတ်ဘူးလေ။ ဘယ်နှစ်ပွင့်တွေ့တွေ့ တိုင်းပြည်ကို အကျိုးရှိစေတဲ့ရလဒ်တွေ ထွက်စေချင်တယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လောလောဆယ် မပြင်နိုင် ဘူးဆိုရင်တောင် ဘယ်လိုပြင်သွားမယ်ဆိုတဲ့ Process တွေ ကို တိတိကျကျပေါ်လာတာမျိုး ဖြစ်စေချင်တယ်” ဟု ပြောသည်။

တိုင်းရင်းသားအများစုကမူ ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် ငြိမ်းချမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု ဖြစ် ထွန်းရေးနှင့် တိုင်းရင်းသား တန်းတူညီရေးတို့အတွက် တိုက်ရိုက်ပတ်သက်ဆက်နွယ်၍ ဖွဲ့စည်းပုံ မပြင်နိုင်ပါက ငြိမ်းချမ်းရေး ရရှိရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးနှင့် တိုင်းရင်းသား တန်းတူညီရေး အခွင့်အရေးများ ဆုံးရှုံးသည့် သဘောသက်ရောက်ကြောင်း ပြောဆိုကြသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းလိတ်က “ဖြစ်ပါ့မလားဆိုတာကို အပြည့်အ၀ မယုံရဲ သေးဘူး။ လုပ်ဖြစ်တယ်ဆိုရင်လည်း ပွင့်လင်းမြင်သာစွာနဲ့ အကျိုးရှိစွာ ဆွေးနွေးမယ်ဆို ရင်တော့ ကောင်းပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်တယ်ဆိုတာက လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို နာမည်ကောင်းရရုံပြင် တာလောက်ပဲ ရှိလိမ့်မယ်။ တိုင်းရင်းသားပြည်သူတရပ်လုံးကျေနပ်လောက်တဲ့ အနေအထားမျိုးရောက် ဖို့တော့ လမ်းမမြင်ပါဘူး”ဟု ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်း ကဏ္ဍသည် အလွန်အရေးကြီးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ထောက်ခံမှု မရှိလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မလွယ်ကူနိုင်ကြောင်း၊ အလားတူ လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စား လှယ် အားလုံးက သဘောမတူညီလျှင်လည်း ဖွဲ့စည်းပုံ ပြင် ဆင်ရေး နှေးကွေးမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် တချို့က သုံးသပ်ပြောဆိုသည်။

၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အရေးကြီး အဆို အဖြစ် အစိုးရကို တောင်းဆိုခဲ့ပြီး သမ္မတဦးသိန်းစိန်က အားလုံးပါဝင်သော နိုင်ငံရေး တွေ့ ဆုံ ဆွေးနွေးပွဲ လုပ်သင့်သည်ဟု ဆိုကာ ၁၂ ဦးပါ နိုင်ငံရေး တွေ့ဆုံပွဲ၊ ၄၈ ဦးပါ နိုင်ငံရေး တွေ့ဆုံပွဲများပြု လုပ်၍ ၆ ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရန် ငြင်းပယ် ခဲ့သည်။

ယင်းနောက် မတ်လ ၂ ရက်နေ့တွင်မူ သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ၍ အခြေခံ ဥပဒေ ပြင်ဆင် ရေး နှင့် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆွေးနွေးခဲ့ပြီးနောက် ၆ ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးပွဲ ပြု လုပ်ရန် ရှိသည်ဟု သူရဦးရွှေမန်းက ထုတ်ဖော်ပြောဆိုလာသည်။

သမ္မတဦးသိန်းစိန်၏ အပြောင်းအလဲ မြန်သော သဘောထားကြောင့် ၆ ပွင့်ဆိုင်တွေ့ဆုံပွဲသည် အကျပ် အတည်းများကိုအမှန်တကယ် ဖြေရှင်းနိုင်သော တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မလာမည်ကို နိုင်ငံရေးအသိုင်း အ၀ိုင်းက စိုးရိမ်ကြသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးသည့်တိုင် တိုင်းရင်းသား များနှင့် အတိုက် အခံ နိုင်ငံရေးအင်အားစုများလိုလားသည့်အတိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင် လိမ့်မည်ဟု မထင်ကြောင်း ပြောဆို သည်။

“ ၆ ပွင့် ဆိုင်တွေ့ဆုံဆွေးနွေးပွဲလုပ်ဖြစ်ခဲ့လို့ရှိရင်လည်းပဲ တကယ်တမ်းက ဒီဆွေးနွေးပွဲကနေပြီးတော့ ဖွဲ့စည်းပုံ ပြင်ဆင် ရေး အတွက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေက တောင်းဆိုနေ တဲ့ ပုံစံမျိုးနဲ့ ဖော်ဆောင် နိုင် ဖို့ အလားအလာနည်းတယ်လို့ မြင်တယ်။ အာဏာရပြည်ခိုင်ဖြိုးပါတီက အဆိုပြု တဲ့ ပုံစံအတိုင်းပဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင် ဆင်ရေးကို အတည်ပြုလိုက်ရမယ့်အနေအထားမျိုးရှိ တယ် ။ ဒေါ်အောင်ဆန်းစုကြည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေကတောင်းဆိုထားတဲ့ ပုဒ်မ ၄၃၆ အပါအ၀င် ပုဒ်မတွေကိုပြင်ဆင်နိုင်ရေးကို ဆွေးနွေး ညှိနှိုင်း အဖြေ ရှာနိုင်ခြေ သိပ်မျှော်လင့်လို့ မရနိုင်ဘူး” ဟု ဒေါက်တာရန်မျိုးသိမ်းက ရှင်းပြသည်။

၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းရင်းသားကိုယ်စားပြု တက်ရောက်မည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ၆ ပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးပွဲ မအောင်မြင်လျှင် အထွေထွေ နိုင်ငံရေး အကျပ်အတည်းကို ရှောင်ကွင်းနိုင်မည့် အခွင့်အလမ်းဆုံးရှုံးခြင်းဖြစ်ကြောင်း သုံးသပ်သည်။

“အခုက ရလဒ်မထွက်လို့မရဘူး။ အခုက အရင်ဆွေးနွေးပွဲလို မဟုတ်ဘူး။ ပြည်ထောင်စုလွှတ်တော်က ၆ ပွင့်ဆိုင်မှာ ကာလသတ်မှတ်ချက်ရှိတယ်။  ရည်ရွယ်ချက်ရှိတယ်။ ပန်းတိုင်ရှိတယ်။ မအောင်မြင်လို့မရဘူး။ မပြီးမြောက် လို့မရဘူး။ ကျနော်တို့ဆွေးနွေးပွဲမအောင်မြင်ရင် ဖွဲ့စည်းပုံမပြင်ဆင်နိုင်ဘူး။မပြင်ဆင်နိုင်ရင် ဖြစ် လာမယ့်အကျိုးဆက်ကို မပြင်လို တဲ့ပုဂ္ဂိုလ်တွေ ခံပေတော့။ လူထုကြိုက်တဲ့ ပြင်သင့်ပြင်ထိုက်တာကို လက်ရှိ အခြေအနေ အချိန်အခါပေးသလောက် ပြင်ဆင် ပေးနိုင်မယ်ဆိုရင် တဖက်နဲ့တဖက် အပေးအယူလေးတွေနဲ့ လုပ်နိုင်ခဲ့ရင် အထွေထွေ နိုင်ငံရေးအကျပ်အတည်း ကို ရှောင်ကွင်း အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ပုဂ္ဂိုလ်တွေ အဖြစ် သမိုင်းကတော့ မှတ်တမ်းတင်မှာပေါ့” ဟု ဒေါက်တာအေးမောင်က ရှင်းလင်းပြောဆိုသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List