Friday, March 20, 2015

မျိုးစောင့်ဥပဒေနှစ်ခု ပြည်သူ့လွှတ်တော် အတည်ပြု


မျိုးစောင့်ဥပဒေများဖြစ်သော လူဦးရေတိုးပွားနှုန်း ဆိုင်ရာ ဥပဒေနှင့် မြန်မာ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူး ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနှစ်ခုကို မတ်လ ၁၉ ရက်နေ့ ကျင်းပသော ပြည်သူ့လွှတ်တော်မှ အတည်ပြု လိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းကို လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များမှ ပြင် ဆင်ချက်များ တင်ပြခဲ့သော်လည်း ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ချက်များကို ထောက်ခံမဲအများစုဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

လူဦးရေထိန်းချုပ်ခြင်းတွင် သားဆက်ခြားခြင်းကို မိခင်တစ်ဦးသည် ကလေးမွေးဖွားပြီး ၃၆ လ ကြာပြီး မှ နောက်ထပ် ကလေးတစ်ဦး မွေးဖွားရမည် ဆိုသည့်အချက်ကို မိခင်တစ်ဦးသည် လွတ်လပ်သော ဆန္ဒ အရ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့၏ဆောင်ရွက်ပေးသည့် အခြေအနေအရ မွေးဖွားရမည်ဟု ပြင်ဆင် အတည်ပြုခဲ့ကြောင်း ဥပဒေကြမ်း ကော်မတီ၊ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထို့အပြင် ယင်းဥပဒေပါ အချက်များကို ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ အဖွဲ့၏ လမ်းညွန်ချက် နှင့်အညီ ဆောင်ရွက်ရမည်ဟူသော အချက်ကို သက်ဆိုင်ရာ ဝန်ကြီး ဌာန၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်ထောင်စု နယ်မြေအုပ်ချုပ်မှုအဖွဲ့၏ လမ်းညွန်ချက်နှင့်အညီ ဆောင်ရွက် ရမည်ဟု ပြင်ဆင်အတည်ပြုခဲ့ကြောင်း ၎င်းက ဆိုသည်။

“လူဦးရေထိန်းညှိနိုင်ဖို့ ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ် အနေနဲ့ သတ်မှတ်ဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်း လိုက်တာ ဖြစ်ပါတယ်” ဟု ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

ထို့အပြင် ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်း ဥပဒေကြမ်းကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် က တင်သွင်းထားသော ပုဒ်မပေါင်း ၄၄ ခု အနက် ပြင်ဆင်ချက် ၇၈ ချက်ဖြင့် အတည်ပြုခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုသည်။

ယင်းဥပဒေတွင် ရည်ရွယ်ချက်ဖြစ်သော မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမများ ထိမ်းမြားလက်ထပ်ရာတွင် ဖြစ်စေ ၊ လွတ်လပ်စွာကိုးကွယ်ခွင့် အမွေဆက်ခံခွင့်၊ သားသမီးအုပ်ထိန်းခွင့်နှင့် သားသမီးများ လွတ်လပ်စွာ ကိုး ကွယ်ခွင့် ရရှိစေရေး အတွက် အကာအကွယ် ပေးထားကြောင်း၊ ဘာသာခြား ယောက်ျားများနှင့် လက်ထပ် ရာတွင်လည်း နစ်နာမှုမရှိစေရေး ကာကွယ်ပေးမှုများကို ထည့်သွင်း အတည်ပြုလိုက်ကြောင်း ၎င်းကဆို သည်။

ဗုဒ္ဓဘာသာဝင် အမျိုးသမီးနှင့် လက်ထပ်ထိမ်းမြားသူသည် သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် မဟုတ်မမှန် လက်မှတ်ရေးထိုးပါက ထိုသူကို ထောင်ဒဏ်သုံးနှစ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်ကြောင်း ထည့်သွင်းထားခြင်း ဖြစ်သည်။

ထို့အပြင် ဗုဒ္ဓဘာသာဝင် မဟုတ်သော ယောက်ျားသည် ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို နည်းအမျိုးမျိုးဖြင့် ဘာသာ ကူးပြောင်းစေပါက အထက်ပါအတိုင်း ပြစ်ဒဏ်ချမှတ်နိုင်ပြီး ဗုဒ္ဓဘာသာကို စော်ကားရန်ကြံ ရွယ်သော အထွတ်အမြတ် ထားရာနေရာကို လည်းကောင်း၊ အရာဝတ္ထုကို သော်လည်းကောင်း ဖျက်ဆီး ရန် သို့မဟုတ် ပျက်စီးစေရန် ပြုလုပ်ခြင်းနှင့် ယုတ်ညံ့သည့် ပြုမူခြင်းများ ရှိပါက ထောင်ဒဏ် ၂ နှစ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေချမှတ်နိုင်ကြောင်း ဥပဒေကြမ်းတွင် ပါရှိသည်။

ယင်းဥပဒေကြမ်းကို အတည်ပြုရာတွင် ပြင်ဆင်ချက်ခုနစ်ချက်ကို မဲခွဲ ဆုံးဖြတ်ခဲ့ပြီး ထောက်ခံမဲ ၂၇၀နှင့် ကန့်ကွက်မဲ ၄၀၊ ကြားနေမဲ ခြောက်မဲခန့်ဖြင့် အတည်ပြုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာ ခဲ့သည်။

ယင်းဥပဒေကြမ်းနှစ်ခုကို အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့ပြီး သဘောတူညီမှု ရှိပါက ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုသွားမည် ဖြစ်ကြောင်း ဥပဒေကြမ်း ကော်မတီမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List