Tuesday, March 17, 2015

ဖမ်းဆီးခံ ကျောင်းသားများကို ရှေ့နေများနှင့် တွေ့ခွင့်မပြုပါက ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် အာဏာပေးစာချွန်တော် တောင်းမည်


အင်အားသုံး ဖြိုခွင်းခံရသော ပင်မသပိတ်စစ်ကြောင်းမှ ဗကသ ခေါင်းဆောင်များနှင့် အဖမ်းဆီးခံ ကျောင်း သားကျောင်းသူများကို တရားရုံးထုတ်သည့်နေ့တွင် ရှေ့နေများနှင့် တွေ့ခွင့်မပေးပါက ပြည်ထောင်စု တရား လွှတ်တော်ချုပ်တွင် အာဏာပေးစာချွန်တော် တောင်းခံပြီး ကျောင်းသားများဘက်မှ ကူညီဆောင်ရွက်ပေး မည် ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
မတ်လ ၁၀ ရက်နေ့တွင် ပင်မသပိတ်စစ်ကြောင်းမှ ဗကသ ခေါင်းဆောင်အချို့နှင့် ကျောင်းသား ကျောင်းသူ များကို အင်အားသုံးဖြိုခွင်းပြီး သာယာဝတီ အကျဉ်းထောင်တွင် ချုပ်နှောင်ခဲ့ကြောင်း၊ မတ်လ ၁၃ ရက်နေ့တွင် အဖမ်းဆီးခံ ဗကသကျောင်းသားများကို သွားရောက်တွေ့ဆုံခဲ့သော်လည်း ပဲခူးတိုင်းဒေသကြီး နယ်/လုံ ဝန်ကြီးက တွေ့ခွင့်မပြု ကြောင်း၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးကလည်း ၂၅ ရက်နေ့ တရားရုံးထုတ် မည် ဖြစ်ကြောင်း ချုပ်ရက် ရမန်ယူထားသော ကာလ ဖြစ်သဖြင့် ရှေ့နေများဖြင့် တွေ့ခွင့်မပြုဟု ဆိုသဖြင့် မတ်လ ၂၅ ရက်နေ့ ရုံးထုတ်တွင် အဖမ်းဆီးခံထားရသော ကျောင်းသားခေါင်းဆောင်များနှင့် တွေ့ခွင့် မပြုပါ က နိုင်ငံတော်သမ္မတထံ အာဏာပေးစာချွန်တော် တောင်းမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြား သည်။

“ရမန်ယူထားတဲ့ ကာလမှာကတည်းက ရှေ့နေရှေ့ရပ်တွေနဲ့ တွေ့ခွင့်ရှိတယ်။ ချေပခုခံပိုင်ခွင့် ရှိတယ်လို့ ဥပဒေမှာ အတိအကျ ပြဋ္ဌာန်းပြီးသားပါ။ ဒါတွေဟာ သက်သက်ရှုပ်ထွေးအောင် လုပ်နေတာ။ တရားရုံးထုတ် လို့ တွေ့ခွင့်မရရင်တော့ အာဏာပေးစာချွန်တော် တောင်းပြီး ဥပဒေနဲ့အညီ အကာအကွယ်ရအောင် ပြုလုပ် မှာပါ” ဟု တရားလွှတ်တော်ရှေ့နေ ရောဘတ်စန်းအောင်က ပြောကြားသည်။

မတ်လ ၁၀ ရက်နေ့က စတင်ပြီး ဖမ်းဆီးထိန်းသိမ်းခံရသော ကျောင်းသားခေါင်းဆောင်များကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု အပါအဝင် ပုဒ်မငါးခုဖြင့် အမှုဖွင့်လှစ်ထားကြောင်း၊ လက်ရှိ ထိန်းသိမ်းထားသူ ၁၀၁ ဦး ရှိနေပြီး ကျောင်းသားနှစ်ဦးကို စိစစ်ပြီး အထက်သို့ တင်ပြထားကြောင်း၊ စိစစ်ပြီးသားသူများကို မတ်လ ၂၅ ရက်နေ့တွင် လက်ပံတန်း တရားရုံးတွင် ရုံးထုတ်စစ်ဆေးမည် ဖြစ်သည့်အ တွက် အရေအတွက် အတိအကျ မပြောနိုင်ကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းစိန်က ပြော ကြားသည်။

“ရုံးထုတ်တဲ့နေ့မှာတော့ သူတို့အားလုံးကို ရှေ့နေရှေ့ရပ်တွေနဲ့ တွေ့ခွင့်ပေးမှာပါ။ အခုဖမ်းဆီးထားတဲ့ အထဲမှာ ကျောင်းသားတစ်ယောက်မှ မရှိတော့ဘူး။ ပုဒ်မငါးခုဟာလည်း ကျောင်းသားတွေကို တပ်ထားတာ မဟုတ်ဘူး။ နောက်ကွယ်က ကြိုးကိုင်တဲ့လူတွေကို တပ်ထားတာပါ” ဟု ၎င်းက ပြောဆိုသည်။

ထို့ပြင် သာယာဝတီ အကျဉ်းထောင်တွင် ထိန်းသိမ်းထားသော ကျောင်းသားနှင့် ပြည်သူ ၁၀၀ ကျော်ကို အင်းစိန် (ဗဟို) အကျဉ်းထောင်သို့ ပြောင်းရွှေ့မည်ဟု သတင်းများ ထွက်ပေါ်လာမှုမှာ မဟုတ်မှန်ကြောင်း ရဲမှူးကြီးဝင်းစိန်က ပြောကြားသည်။

“ဒီသတင်းက မဟုတ်မှန်ပါဘူး။ ဖြစ်စဉ်က လက်ပံတန်းမှာ စဖြစ်ခဲ့ပေမယ့် ထိန်းသိမ်းထားရသူက လူ ၁၀၀ ကျော်မို့ နေရာအခက်အခဲကြောင့် သာယာဝတီထောင်မှာ ထိန်းသိမ်းထားရတာ။ သာယာဝတီထောင် ကနေ လက်ပံတန်းကို ရုံးထုတ်ရတာတောင် လုံခြုံရေးအတွက် အခက်အခဲတွေ အရမ်းရှိတာ။ ရုံးထုတ် စစ်ဆေးဖို့ ဝေးလံလွန်းတဲ့ အင်းစိန်ထောင်ကို လွှဲပြောင်းမယ် ဆိုတာက လုံးဝမဖြစ်နိုင်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အင်းစိန် (ဗဟို) အကျဉ်းထောင်မှာ ပြီးခဲ့သည့် သုံးရက်က စတင်ကာ အကျဉ်းထောင် အတွင်းရှိ အဆောင်များ ကို ရှင်းလင်းရေးများ ဆောင်ရွက်နေပြီး ပြစ်ဒဏ်နှစ်ကြီး ကျခံရသူများကို သီးသန့်အဆောင်များ သို့ ရွှေ့ပြောင်းနေကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းမှာ လက်ပံတန်းမြို့နယ်တွင် အကြမ်းဖက် ဖမ်းဆီးခံရသူများကို အင်းစိန်ထောင်သို့ လွှဲပြောင်းရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်နိုင်ကြောင်း အကျဉ်းဦးစီး ဝန်ထမ်းတချို့ထံမှ စုံစမ်းသိရှိရသည်ဟု ပြစ်ဒဏ်ကျခံရာမှ ပြန်လည်လွတ်မြောက်လာသူများက တညီတညွတ်တည်း ဆိုသည်။

“ထောင်ဒဏ် နှစ်ကြီးကျနေတဲ့ ကိုထင်ကျော်တို့ အဖွဲ့ကိုလည်း မူလအဆောင် (၃) ကနေ သီးသန့်ဆောင် ကို ပြောင်းရွှေ့ထားတယ်။ ထောင်ထဲက မူလအဆောင်တွေကို ရှင်းလင်းရေးတွေ လုပ်နေတာမို့ လက်ပံတန်းမှာ ဖမ်းဆီးခံရသူတွေကို အင်းစိန်ထောင်ဆီ ရွှေ့ပြောင်းမယ်လို့ အကျဉ်းသား အားလုံးက ယူဆနေကြတာ” ဟု လျှပ်စစ်မီတာခ လျှော့ချပေးရေး ဆန္ဒထုတ်ဖော်ရာမှ ထောင်ဒဏ်လေးလ ကျခံပြီး မတ်လ ၁၆ ရက်က ပြန်လည်လွတ်မြောက်လာသည့် MDCF အဖွဲ့ဝင်များမှ အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ သတင်းများ ထွက်ပေါ်လာမှုနှင့် ပတ်သက်၍ အင်းစိန်အကျဉ်းထောင်ရှိ အကျဉ်းသားများကို မူလအဆောင်မှ အခြားအဆောင်သို့ ပြောင်းရွှေ့ခြင်းမှာ ခိုက်ရန်ဖြစ်ပွားမှုနှင့် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရန် အကျဉ်းထောင် လုံခြုံရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ လတ်တလော အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားများကို ဗဟိုအကျဉ်းထောင်သို့ လွှဲပြောင်းပေးမည့် ညွှန်ကြားချက်များ မရရှိသေးကြောင်း အင်းစိန် (ဗဟို) အကျဉ်းထောင်မှ အရာရှိတစ်ဦးက ရှင်းပြသည်။

မတ်လ ၂၅ ရက်နေ့တွင် ရုံးထုတ်မည့် ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားသပိတ်ကူညီသော ဒေ သခံများကို တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် အပါအဝင် ရှေ့နေ ၁၀ ဦးက အဆိုပါ အမှုကိစ္စအတွက် သွားရောက်ကူညီမည် ဖြစ်ကြောင်း သွားရောက်ကူညီမည့် ရှေ့နေများထံမှ စုံစမ်းသိရှိ ရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List