Monday, December 01, 2014

တကယ်မရှိတဲ့ စစ်သား ငါးသောင်းကို အီရတ် လစာပေးခဲ့



အီရတ်စစ်တပ်အတွင်း အဂတိလိုက်စားမှုတွေကို စုံစမ်းစစ်ဆေးရာက စစ်တပ်မှာ အမှန်တကယ် အမှုထမ်းဆောင်ခြင်း မရှိတဲ့ လူပေါင်း ငါးသောင်းကို လစာတွေ ဆက်လက်ပေးကမ်းနေတာတွေ ရှိနေကြောင်း တွေ့ရှိခဲ့ပါတယ်။ အဲဒီစစ်သားတွေ ဟာ အစကတည်းက နာမည်သာ ရှိပြီး လူမရှိတဲ့ စစ်သားတွေဖြစ်ကြသလို တချို့ကလည်း စစ်သားအလုပ် မလုပ်တော့ပေ မယ့် လစာထုတ်ယူနေဆဲ စစ်သားတွေ ဖြစ်ကြပါတယ်။
အဲဒီ စစ်သားတွေကို ghost soldier ဝိဥာဉ်စစ်သားလို့ တင်စား ခေါ်ဝေါ်ကြပြီး အဲဒီလို နာမည်သာ ရှိပြီး လူမရှိတဲ့ စစ်သား အယောက်ပေါင်း ငါးသောင်းကို ပေးနေတဲ့ လစာကို ရပ်တန့်လိုက်ပြီ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း အီရတ်အစိုးရက အဂတိ လိုက်စားမှုတွေ ပိုမို တိုက်ဖျက်သွားမယ်လို့ ပြောလိုက်ပါတယ်။

အီရတ်စစ်တပ်အတွင်း လာဒ်စားမှုတွေ များလွန်းတာကြောင့် IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို မချေမှုန်းနိုင်တဲ့ အချက်ထဲမှာ လာဒ်စားမှု ပါဝင်တယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

စစ်တပ်တွင်းက လူတွေရဲ့ ပြောပြချက်အရ စစ်အရာရှိ တစ်ဦးအနေနဲ့ အစောင့် ၅ ယောက် အလုပ်ခန့်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီလို အခြေအနေမှာ နှစ်ယောက်ကိုသာ အလုပ်ခန့်ပြီး ကျန်သုံးယောက်ရဲ့ လစာကို စစ်တပ်အရာရှိက ထုတ်စားနေတာလို့ ပြောပါတယ်။

အဲဒီထက် ရာထူးကြီးတဲ့ လူတွေကတော့ သူတို့ လက်အောက်မှာ စစ်သား အယောက်ပေါင်း ၃၀ ကနေ ၄၀ ထားခွင့်ရှိတဲ့ အတွက် အဲဒီ အရေအတွက် ပြည့်အောင် နာမည်တွေသာ ထည့်ထားပြီး လူမရှိခြင်း ဖြစ်ပါတယ်။

တချို့ကလည်း ရှေ့တန်း စစ်မြေပြင် ရောက်တဲ့ စစ်သား တချို့ ကျဆုံးသွားပေမယ့် အဲဒီ ကျဆုံးစာရင်းကို မကြေညာပဲ ကျဆုံးသူတွေရဲ့ လစာကို အရာရှိက ထုတ်စားတာ ဖြစ်ပါတယ်။

အဲဒီလို ပြုလုပ်ရတဲ့အကြောင်းရင်းကတော့ အထက် အရာရှိတွေက အလုပ်အကိုင်မြဲဖို့အတွက် နောက်သူတို့ရဲ့ အထက် အရာရှိတွေကို ငွေတွေ ပေးဆောင်ရတဲ့အတွက် အခုလို လုပ်ဆောင်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အီရတ် စစ်သားတွေကို တစ်ယောက်ချင်း တွေ့ဆုံ စီစစ်ပြီးမှ လစာတွေ ထုပ်ပေးခဲ့တာကြောင့် စစ်သားတွေ ၂ လကြာ လစာမရ ဖြစ်ခဲ့ပါတယ်။

စစ်သားတွေကို လစာ ဘာကြောင့် နောက်ကျသလဲဆိုတာ ဘာအကြောင်းပြ ချက်မှ မပေးပဲ စစ်ဆေးရာကနေ စစ်သား ငါးသောင်းလောက် မရှိဘူးဆိုတာကို သိရတာ ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List