Thursday, December 04, 2014

တန်ဖိုးနည်းအိမ်ရာများမှာ အခြေခံပြည်သူများ လက်လှမ်းမမီသည့်ဈေးနှုန်း များဖြစ်နေ၍ ပြည်တွင်း၊ နိုင်ငံခြားဘဏ်များနှင့်ချိတ်ဆက်ကာ နှစ် ၂၀ အထိ ချေးငွေစနစ်ဖြင့်ဝယ်ယူခွင့်ပြုရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အဆိုတင်သွင်း



ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ယူရောင်းချသည့် တန်ဖိုးနည်း အိမ်ရာများသည် အခြေခံလူတန်းစားပြည်သူ များ လက်လှမ်းမမီသည့်ဈေးနှုန်း များဖြစ်နေ၍ ပြည်တွင်းဘဏ်များ(သို့မဟုတ်) နိုင်ငံတကာဘဏ်များနှင့်ချိတ် ဆက်၍ နှစ် ၂၀ အထိ ချေးငွေစနစ်ဖြင့်ဝယ်ယူခွင့်ပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို ဒီဇင်ဘာ ၃ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေးတွင် တင်သွင်းခဲ့သည်။
ယင်းအဆိုကို ဗဟန်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက တင်သွင်းခဲ့ခြင်းဖြစ် သည်။

ထိုအဆိုအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တန်ဖိုးနည်းအိမ်ရာများစတင် မရောင်းချမီ ၂၀၁၄ ခုနှစ် ဧပြီကတည်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး သို့တင်ထားခဲ့ခြင်းဖြစ်ပြီး ယခုလွှတ်တော်အထူးအစည်းအဝေးမှ တင်သွင်းခွင့်ရ ခဲ့ခြင်းဖြစ်သည်။

ကျေးလက်နေပြည်သူများ လက်ရှိလုပ်ကိုင်နေသည့် မြေယာများဆုံးရှုံးမှု၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာမှုကြောင့် ရန်ကုန်မြို့ပြကိုပြောင်းရွှေ့မှု များပြားလာကြောင်း၊ ယနေ့ရန်ကုန်မြို့တွင် ကြုံတွေ့နေရသည့် အကြီးမားဆုံး ပြဿနာမှာ မြေမလိုအပ်သည့်၊ အိမ်မလိုအပ်သည့်သူများက မြေ၊ အိမ်များကို ပိုင်ဆိုင်ထားသည့်အတွက် မြေယာမဲ့၊ အိမ်ရာမဲ့ပြဿနာ တစ်နေ့တခြားကြီး ထွားလာကြောင်း ဒေါက်တာညိုညိုသင်းကအဆိုတင်သွင်းရာတွင် ထည့်သွင်း ပြောကြားသည်။

"ကျွန်မတို့ပြန်ကြည့်ရင် အိမ်ရာတွေကို အခုထက် ငါးဆလောက်ပိုပြီးချထားပေး ရင်တောင် လုံလောက်မယ့်အနေအထား မရှိပါဘူး။ သိပ်မကြာခင်က ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာကို မဲနှိုက်တဲ့အခါမှာ ၂၀၀၀၀ ကျော်လျှောက်ထားမှုကို သူ့ရဲ့တစ်ရာခိုင်နှုန်း ၂၀၀ ကျော်လောက်ပဲ မဲဖောက်ပေးနိုင်တာတွေ့ရ ပါတယ်။ ပြဿနာကဘာလဲ။ Demand များနေတာ ကလည်း ပြဿနာဖြစ်သလို အမှန်တကယ်မလိုအပ်တဲ့သူရဲ့လက်ထဲမှာရောက်ရှိနေခြင်းကိုလည်း အစိုးရအနေနဲ့ တည်ဆဲ ဥပဒေတွေနဲ့အညီ အလေးထားဖြေရှင်းရပါမယ်။ Demand များပြီး တစ်ဖက်က Supply နည်းတဲ့အခါမှာ ဈေးတွေတက် တယ်" ဟု ဒေါက်တာညိုညိုသင်းကပြောကြားသည်။

ယခုလက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် တန်ဖိုးနည်း အိမ်ရာများအား လေးနှစ်အရစ်ကျဖြင့်ရောင်း ချနေကြောင်း၊ ရန်ကုန်မြို့တွင် ယနေ့အထိ တန်ဖိုးနည်းအိမ်ရာဝယ်ယူခွင့်ရခဲ့သော်လည်း ဈေးနှုန်းများပြား နေခြင်းကြောင့် ငွေလာမသွင်းနိုင်သည့် လျှောက်ထားသူအများအပြားရှိနေ ကြောင်း ဒေါက်တာညိုညိုသင်းကဆိုသည်။

"အဲဒီတော့ ပြည်သူလူထုက တကယ်ပဲ တန်ဖိုးနည်းအိမ်ရာကိုမဲပေါက်တာ တောင် ၀ယ်နိုင်တဲ့အနေအထားမရှိဘူးလို့ ငြင်းချက်ထုတ်လို့မရပါဘူး။ ဒါဆိုအခြားနိုင်ငံတွေ ဘယ်လိုလုပ်သလဲလေ့လာကြည့်တဲ့အခါ နိုင်ငံတကာ ဘဏ်တွေနဲ့ချိတ် ဆက်ပြီး ပြည်တွင်းဘဏ်တွေနဲ့ချိတ်ဆက်ပြီး နှစ်ရှည်စနစ် နဲ့ပြည်သူလူထုကို ၀ယ်ယူခွင့်ပေးတာတွေ လေ့လာတွေ့ရှိရ ပါတယ်။ အဲဒီတော့ နိုင်ငံတကာကလည်း မြန်မာနိုင်ငံကိုအကူအညီအများကြီးပေးနေတော့ နိုင်ငံတကာစီမံကိန်းတွေနဲ့ နိုင်ငံတကာဘဏ်တွေနဲ့ချိတ်ဆက်ပြီးတော့ ပြည်သူလူထုကို နှစ် ၂၀၊ ၃၀ စတဲ့ နှစ်ရှည်စနစ်နဲ့ဝယ်ယူခွင့်ပေးမယ်ဆိုရင် ပြည်သူလူထုလည်းသက်သာတယ်။ အစိုးရလည်းဝန်ပေါ့သွားမှာဖြစ်ပါတယ်" ဟု ဒေါက်တာညိုညိုသင်းက ဆက်လက် ပြောကြားသည်။

ရန်ကုန်မြို့တွင် အိမ်ရာလိုအပ်ချက်များမြင့်တက်လာပြီး ယင်းအိမ်ရာလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာများကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီတို့၏ကြီး ကြပ်မှုဖြင့် အကောင်အထည်ဖော်ခဲ့သော်လည်း ဈေးနှုန်းများမှာ အခြေခံပြည်သူများလက်လှမ်းမမီသည့်ဈေးနှုန်းများ ဖြစ်နေကြောင်း၊ တန်ဖိုး မျှတအိမ်ရာများမှာ တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀ ကျော်၊ ၃၀၀ ကျော်၊ တန်ဖိုးနည်းအိမ်ရာများမှာ ကျပ်သိန်း ၁၁၀ မှ ၁၂၀ ကျော်အထိရှိနေရာ အခြေခံပြည်သူများ ၀ယ်ယူရန်မလွယ်ကူသေးပေ။

ယခုဘဏ္ဍာရေးနှစ်အတွင်းနှင့် လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တို့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တန်ဖိုးနည်း၊ တန်ဖိုးလတ်နှင့် တန်ဖိုးမျှတ အိမ်ရာများ ဆက်လက်အကောင်အထည်ဖော်ရန်ရှိနေသည်ဟု ထုတ်ပြန်ထားရာ ယင်းသို့ လက်လှမ်းမမီသည့်ဈေးနှုန်းများဖြစ်နေမည်ဆိုလျှင် ၀ယ်ယူနိုင်ဦးမည် မဟုတ်ကြောင်း သုံးသပ်နေကြသည်။

Eleven Media Group

No comments:

Post a Comment

My Blog List