Friday, December 05, 2014

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေး နိုင်ငံခြားက သားနှစ်ယောက်ကို အမွေပြတ် စွန့်လွှတ်လိုက်ရမည်လား


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်ရေးရည်ရွယ်ရေးဆွဲထားသည် ဟု အများက ယူဆနေကြသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၅၉ (စ)- “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်း ကောင်း၊ မိမိ၏တရား ၀င်သားသမီးတဦး ဦးသော်လည်းကောင်း၊ ထိုတရား ၀င်သား သမီးတဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ နိုင်ငံခြား အစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတပါး၏နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ”ဟု ဆိုထားသည်။ 

အာဏာရှိသူ အသိုင်းအ၀ိုင်း၊ အာဏာရှင်အလွှာကတော့ ဤဥပဒေကိုအလွန် လေးစားလိုက်နာကြသည်ကို တွေ့ ရပါသည်။ တချိန်က ဗိုလ်ချုပ်ခင်ညွန့် လျှမ်းလျှမ်းတောက် အာဏာထက်စဉ်တုန်းက သူ၏သား တယောက် စင်ကာပူနိုင်ငံသူ လေယာဉ်မယ်နှင့် ယူလိုက်သဖြင့် သတင်းစာမှာဗိုလ်ချုပ် ခင်ညွန့်တို့က သား အဖြစ်မှ အမွေပြတ်စွန့်လွှတ်သည်ဟု ကြေညာလိုက်သည်ကို တွေ့ကြရသည်။

ထို့နောက် ဗိုလ်ချုပ်မြင့်ဆွေမှာလည်း သူ၏သားမက်က သြစတြေးလျနိုင်ငံ သားဖြစ်၍ ဒုသမ္မတဖြစ်ရေးတို့နှင့် ဝေးခဲ့ရသည်။ ဤသည်တို့မှာ သူတို့ကိုယ် တိုင် ဥပဒေကို လေးစားသည့်သဘောကို ပြသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုပြီး လုပ်သွားသည့် ဗိုလ်ချုပ်နေ၀င်းကတော့ နိုင်ငံခြားသူ ရတနာနတ်မယ် ကိုပင် လက်ထပ်ယူခဲ့သေးသည်။

ဆိုရလျှင်တော့ ပုဒ်မ ၅၉(စ)အရ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ၊ ဒု သမ္မတ မဖြစ်နိုင်ပါ။ ဤဖွဲ့စည်း ပုံဥပဒေကိုလည်း အမြော်အမြင်ရှိရှိ ရေးဆွဲထားခဲ့ကြသည်ဟု ဆိုပါသည်။ ၂၀၀၈၊ နာဂစ်မုန်တိုင်းတွင် မြစ်ဝကျွန်းပေါ်တလျှောက် လူပေါင်းမြောက်မြားစွာ သေကျေပျက်စီးခဲ့သည် ကိုပင် ဂရုမထားနိုင်ဘဲ ဆန္ဒခံ ယူပွဲ လုပ်ခဲ့သည့် ဖွဲ့စည်းပုံဥပဒေပါ။ 

ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့၍ သားနှစ် ယောက်မှာလည်း နိုင်ငံခြား သားဖြစ်နေ၍ မည်သည့်နည်းနှင့်မျှ သမ္မတဖြစ်ခွင့် မရှိ တော့ပါ။

ဒီတော့ ၅၉ (စ)ကို ပြန်လည်မပြင်နိုင်ခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဥပဒေနှင့် မငြိစွန်းအောင်ပြင် ၍ရသည်ကတော့ သားနှစ်ယောက်ကိုအမွေပြတ် စွန့်လွှတ်လိုက်ရခြင်းပါပဲ။ 

သို့သော် ဒေါ်အောင်ဆန်းစုကြည် က သမ္မတဖြစ်ရေးကို ငမ်းငမ်းတက် မက်မောသည့်အနေနှင့် ဤသို့ မရမက ပြုလုပ်မည်မဟုတ်။ သမ္မတဖြစ်ရလျှင်ပြီး ရောဆိုပြီး မရသည့်နည်းနှင့် မကြိုးစားပါ။ အမှန်အကန်နေ ၍ အမှန်အကန် ပြောဆို ပြုမူခြင်းကိုသာ ကိုင်စွဲထားသူ ဖြစ်သည်။ 

သူသမ္မတဖြစ်ချင်သည်မှာလည်း ကိုယ်ကျိုး ရှာလို၍မဟုတ်။ တိုင်းပြည်ကောင်း ရေး အတွက်သာ ပြော နေခြင်းဖြစ်သည်။ အာဏာသည် ပြည်သူတွေလက်ထဲ မရောက် မချင်း။ ပြည်သူ့ကိုယ်စားလှယ်ထံ မရောက် မချင်းဘယ်သောအခါမှ တိုင်းပြည်လွတ် လပ်မည်၊ ငြိမ်းချမ်းမည်တိုးတက်မည် မဟုတ်ပါ။

တကယ်တော့ ဒေါ်အောင်ဆန်း စုကြည်အနေနှင့် သားနှစ်ယောက်ကို အမွေပြတ်စွန့်လွှတ်စရာလည်း မလို ပါ။ သူမ ၁၉၈၈၊ မြန်မာနိုင်ငံရေးနယ်ပယ်မှာ ပါဝင်ဦးဆောင်လာကတည်းက စွန့်လွှတ်ပြီးသားဖြစ်နေခဲ့ သည် မဟုတ်ပါလား။ သူမ၏ ခင်ပွန်း မမာမကျန်းဖြစ်နေဆဲအချိန်မှာပင် သွားရောက်မတွေ့ဆုံနိုင်ခဲ့ပါ။

ပြီးတော့ ပြည်ပနိုင်ငံများမှာ သားသမီးများသည် အသက် ၁၈ နှစ်ပြည့်ပြီဆိုလျှင်ပင် မိဘအရိပ်အ၀ါသ အောက်မှာ မိဘလုပ်စာထိုင်စားမနေကြတော့ဘဲ ကိုယ့်အားကိုယ်ကိုး နေထိုင်ကြရသည်။ မြန်မာပြည်မှာလို မိဘအရှိန်အ၀ါကိုယူ၍ ဓနဥစ္စာ ရှာနေခြင်းမရှိပါ။ မိဘအာဏာရှိ၍ သား သမီးများ လုပ်ချင်ရာလုပ်၊ မတရား ယူချင်တိုင်းယူ၍ မရပါ။ ဤသို့ မတရားသိမ်းပိုက် စီးပွားရှာခြင်းများက အာဏာရှင်နိုင်ငံ များမှာသာ ရှိပါ သည်။ ဒီမိုကရေစီဟုခေါ်သော ပြည်သူကစိုးမိုးသော နိုင်ငံများမှာ မတရားစီးပွားရှာ၍မရပါ။ ဥပဒေနှင့် ကာကွယ်ထားပြီးသား ဖြစ်သည်။ 

ပြည်ပအားကိုးသူ၊ ပြည်ပနိုင်ငံ၏ လက်အောက်ခံ ပြည်ပနိုင်ငံ၏ကျေးဇူးသစ္စာကို ခံစားသူဟုဆိုရာတွင် လည်း လက်ရှိအနေအထားအရ အငြင်းပွားစရာ များစွာရှိနေသည်။ မြန်မာနိုင်ငံသည် တကယ်လွတ်လပ် သော မည်သူ့ကိုမျှအား မကိုးသောနိုင်ငံတနိုင်ငံအဖြစ် ရပ်တည် နေနိုင်ပြီလော။ အစိုးရအဖွဲ့ဝင်ဝန်ကြီး တဦးကတော့ ပြောသွားသည်။ “တရုတ်သည် ကျေးဇူးများစွာရှိသည်။ တရုတ်သည် ၎င်းတို့၏ ကျေးဇူးရှင်” ဟု ပြောသွားပါ သည်။ 

မည်သို့ပင်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဥပဒေနှင့်ငြိစွန်းမည်စိုး၍ ဟုဆိုကာ သမ္မတဖြစ်ချင်လွန်း အားကြီး၍ သားနှစ်ယောက်ကို အမွေပြတ် စွန့်လွှတ်မည် မဟုတ်ပါ။ 

သို့သော် ယခင့်ယခင်ကတည်းက စွန့်လွှတ်ပြီးသား ဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်ထံမှ သားနှစ် ယောက်က မည်သည့်အကျိုးစီးပွားမှ မရရှိခဲ့ပါ။ ထို့ကြောင့် သတင်းစာတွင် ကြေညာနေစရာလည်း မလို။

သတင်းစာမှာထည့်ကြေညာသည့်တိုင် တကယ်အမွေပြတ်သည် မပြတ်သည်ကတော့ ကာယကံရှင်များသာ သိ မည်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမကိုယ်ကျိုးအတွက် ဟန်ပြ အမွေပြတ်စွန့်လွှတ် ခြင်းကို ဘယ်သောအခါမျှကြေညာမည်မဟုတ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် က ဥပဒေနှင့်မငြိစွန်းအောင်အတင်းအဓမ္မ လုပ်ယူမည်မဟုတ်။ အတင်း အဓမ္မပိတ်ဆို့ထားသည့် ဥပဒေကိုသာ ပြန်ပြင်ရ ပါလိမ့်မည်။ 

ထို့ကြောင့် ၅၉(စ) ပြန်ပြင်ရေး သည် ဒေါ်အောင်ဆန်းစုကြည်တယောက် တည်းအတွက်မဟုတ်၊ ပြည်သူ တရပ်လုံးကို ကိုယ်စားပြုသော ပြည်သူ့ကိုယ်စား လှယ်အတွက်ဖြစ်၍ ပြည်သူအတွက်ပါ အရေးအကြီးဆုံး ဖြစ်နေပါသတည်း။ 

တင်တင်ဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List