Friday, December 05, 2014

အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲ အချိန်စာရင်း ထုတ်ပြန်



ခရိုင်စစ်၊ တိုင်းစစ်အဖြစ် ပြောင်းလဲလိုက်သော စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲများကို ဖေဖော်ဝါရီ တတိယပတ်တွင် စတင်ဖြေဆိုရမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်အရ သိရှိရသည်။အတန်းတင် စာမေးပွဲကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၆ ရက်နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အခြေခံသိပ္ပံ/ပထဝီဝင်၊ လူမှုရေး/ သမိုင်း၊ အထွေထွေ သိပ္ပံဘာသာရပ် အစဉ်လိုက် နံနက် ၉ နာရီမှ ၁၁ နာရီအထိ ဖြေဆိုရမည် ဖြစ်ပြီး အတန်း တင် စာမေးပွဲ အကြိုစစ်ဆေးမှုကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဖြေဆိုရမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာန၏ ယင်းထုတ်ပြန်ချက်အရ သိရသည်။
“ပြင်ပစစ် စာမေးပွဲလုပ်မှာ ဖြစ်ပါတယ်။ ကျောင်းတွင်းစစ် မဟုတ်ပါဘူး” ဟု အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူး (ပညာ) ဒေါ်စန်းစန်းရီက ပြောကြားသည်။

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက သတ်မှတ်ထားသည့်အတိုင်း စတုတ္ထတန်း စာမေးပွဲမေးခွန်းကို ခရိုင်ပညာရေးမှူး ဦးစီးသော စာစစ်အဖွဲ့က တာဝန်ယူပြီး၊ အဋ္ဌမတန်း စာမေးပွဲမေးခွန်းကို တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး (စစ်ဆေး) ဦးဆောင် သော အဖွဲ့က တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ဒေါ်စန်းစန်းရီက ပြောကြားသည်။

“တစ်နေ့တုန်းက ကျောင်းတွင်းအကြို စစ်ကြည့်တယ်။ ခုလိုစစ်တာ ဖြေဆိုတဲ့ ကျောင်းသားရဲ့ ဆင်ခြင်စဉ်းစားမှု အလိုက် အမှတ်ပေးမှာ ဖြစ်တဲ့အတွက် ကျောင်းသားတွေ အတွက်ရော ဆရာတွေ အတွက်ရော အဆင်ပြေတယ်” ဟု မကွေးတိုင်းဒေသကြီး အတွင်းရှိ မူလတန်း ကျောင်းအုပ်ဆရာတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

စာမေးပွဲ စစ်ဆေးခြင်းမှာ ကျောင်းသားများ၏ တတ်မြောက်မှု အရည်အသွေးကို တိုင်းတာနိုင်သော နည်းလမ်းတစ်ခု ဖြစ်သောကြောင့် စာမေးပွဲကျပါက ကျသည့် ဘာသာရပ်ကို ပြန်သင်ပေးမည် ဖြစ်ကြောင်း ယင်းသို့ ကုစားသင်ကြားသည့် တိုင် အရည်အချင်း မပြည့်မီပါက ယင်းအတန်း၌ ပြန်တက်ရမည် ဖြစ်ကြောင်း၊ အောင်စာရင်းကို Grade A, B, C, D သတ်မှတ်ကာ ထုတ်ပြန်မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။ အောင်စာရင်းတွင် ခွဲခြားသတ်မှတ်မည့် အဆင့်သတ်မှတ်ချက်ကိုမူ မသိရှိရသေးပေ။

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ စတုတ္ထတန်းကျောင်းသား တစ်သိန်းကျော် ရှိပြီး အဋ္ဌမတန်း ကျောင်းသား ၈၅၀၀၀ ကျော် ရှိကြောင်း အမှတ် ၃ အခြေခံပညာ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List