ဒီဇင်ဘာ ၂၇ ရက်မှာ ပြုလုပ်မယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ ကြော်ငြာဆိုင်းဘုတ်တွေကို စိုက်ထူခွင့်ပြုမှာ မဟုတ်ဘူး လို့ ရန်ကုန်မြို့တော်ဝန် က ပြောကြားလိုက်ပါတယ်။
သာကေတမြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင် မေးမြန်းတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့ ကြယ်ပွင့်ပြမေးခွန်းကို မြို့တော်ဝန်က ပြန်လည်ဖြေကြားခဲ့တာပါ။
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က “ကော်မတီဝင်အဆင့်ဆင့်ရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်း ၂၉၃ ဦး ရှိတဲ့အတွက် ကိုယ်စားလှယ်လောင်းတဦးချင်းစီကို ကြော်ငြာဆိုင်းဘုတ်တွေ စိုက်ထူခွင့်ပြုပါက ဆိုင်းဘုတ် တွေရှုပ်ထွေးများပြားပြီး မြို့တော်ရဲ့ အလှအပပတ်ဝန်းကျင်ကို အနှောက်အယှက်ဖြစ်နိုင်တဲ့အတွက်ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီမှ ခွင့်ပြုထားခြင်း မရှိပါဘူး” လို့ ပြောပါတယ်။
ဒါပေမယ့် လက်ကမ်းစာစောင်တွေဖြန့်ဝေခွင့်နဲ့ အခြားမဲဆွယ်စည်းရုံးခြင်း လုပ်ငန်းတွေကို ဥပဒေနဲ့အညီဆောင်ရွက်ခွင့်ပြုမှာဖြစ်သလို မြို့တော်နေပြည်သူတွေ ရွေးကောက်ပွဲမှာ သိရှိပူးပေါင်းပါဝင်နိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်ရဲ့အစီအစဉ်နဲ့ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ လှုံ့ဆော်ရေးကြော်ငြာဆိုင်းဘုတ်တွေ ကို ခရိုင်အလိုက် လူစည်ကားရာနေရာတွေနဲ့ လမ်းဆုံလမ်းခွတွေမှာ ဆိုင်းဘုတ်စုစုပေါင်း ၂၀ ကျော် စိုက်ထူပေးဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
မဲဆန္ဒရှင်တွေ ဆန္ဒမဲလက်မှတ်ထုတ်ယူရာမှာ အခက်အခဲနဲ့ အချိန်ကြန့်ကြာမှု မရှိစေရေးအတွက် မဲရုံတရုံကို မဲပေးသူဦးရေ ၃၀၀ သတ်မှတ်ထားတယ်လို့ လည်း မြို့တော်ဝန်က ဆက်ပြောပါတယ်။
ဒါ့အပြင် မဲရုံတရုံမှာ မဲရုံအဖွဲ့ဝင် ၁၆ ဦးရှိမှာဖြစ်ပြီး ကိုယ်စားလှယ် သုံးမျိုးရှိတဲ့ မြို့နယ်တွေမှာဆန္ဒမဲလက်မှတ် ထုတ်ပေးသူ ၃ ဦးစီ ထားရှိပေးသွားမယ်လို့ ဆိုပါတယ်။
နည်းဥပဒေ ၄၁ အရ မဲရုံမှူးကို ဆန္ဒမဲပေးဖို့ သတ်မှတ်ထားတဲ့အချိန်စေ့တဲ့အခါ မဲရုံပိတ်ရမှာဖြစ်ပေမယ့် မဲရုံ မပိတ်မီ မဲရုံပရဝုဏ်အတွင်း ဆန္ဒမဲပေးဖို့ ရောက်ရှိနေတဲ့ ဆန္ဒမဲမပေးရသေးသူတွေရှိပါက စာရင်းကောက် ယူပြီး အဲဒီလူတွေကို ဆန္ဒမဲပေးချိန်ကျော်လွန်ပြီးဖြစ်စေကာမူ ဆန္ဒမဲပေးခွင့်ပြုရမယ်လို့ ပြဋ္ဌာန်းထား တဲ့ အတွက် ညနေ ၄ နာရီ မတိုင်ခင် မဲရုံပရဝုဏ်အတွင်း ရောက်ရှိနေသူတွေကို ဆန္ဒမဲပေးခွင့်ပြုသွားမှာဖြစ် ပါတယ်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲမှာ ပါဝင် မဲပေးနိုင်ခွင့်ရှိသူ ၄ သိန်း နီးပါး လောက် ရှိတယ်လို့ ရန်ကုန်မြို့တော် စည်ပင်ကော်မတီ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါ တယ်။
အခုလို မဲပေးတင်မြှောက်နိုင်တဲ့ ရွေးကောက်ပွဲမျိုးကို ၁၉၄၉ ခုနှစ် နောက်ပိုင်းမှ စတင်ပြီး မပြုလုပ်နိုင်ခဲ့ တာဟာ ဆယ်စုနှစ်ပေါင်း ခြောက်စုကျော် ရှိနေပြီ ဖြစ်ပါတယ်။
DVB
No comments:
Post a Comment