မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးသီးသန့် နိုင်ငံရေးပါတီမှာ တည်ထောင်ခွင့် မရရှိသေးသော်လည်း မွန်အမျိုးသမီးထု၏ စိတ်ပါဝင်စားမှု ပိုမိုရရှိလာကြောင်း အမျိုးသမီးပါတီ ဦးဆောင်တည်ထောင်သူများထံမှ သိရှိရသည်။
အမျိုးသမီးပါတီကို အောက်တိုဘာ (၂၄)ရက်နေ့တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံးသို့ တည်ထောင်ခွင့်တင်ခဲ့ပြီဖြစ်သော်လည်း တစ်လကျော်ကြာသည့်အထိ ခွင့်ပြုချက်မရရှိသေးကြောင်း သိရသည်။
ထိုသို့ တည်ထောင်ခွင့်ပြုချက်မရရှိသေးသော်လည်း အမျိုးသမီးပါတီကို စိတ်ဝင်တစားကူညီကြသော အမျိုးသမီး အဖွဲ့အစည်းများရှိလာပြီး အမျိုးသမီးထု၏ စိတ်ဝင်စားမှုကို အများအပြားရရှိနေကြောင်း သိရသည်။
“ကျွန်မတို့ စတင်ထူထောင်စဉ်ကတော့ ဖြစ်နိုင်ပါ့မလား။ ဘယ်သူမှစိတ်ဝင် စားစရာ မကောင်းဘူးလို့ ပြောခဲ့ ကြပေမဲ့ တစ်လကျော်ကြာတဲ့ အခါမှာတော့ အမျိုးသမီးထုတွေ အရမ်းစိတ်ပါဝင်စားလာတာကို တွေ့လာရ တယ်။ မူဝါဒတွေလည်း အားလုံးရေးဆွဲပြီးပြီ။ ပါတီမှတ်ပုံတင်ကျလာရင်တော့ ဒီထက်ပိုပြီး လှုပ်ရှားနိုင် မယ်လို့ ထင်တယ်။”ဟု အမျိုးသမီးပါတီ ဦးဆောင်တည်ထောင်သူတစ်ဦးဖြစ်သော မိသန်းရှင်က ပြောသည်။
အမျိုးသမီးပါတီသည် လက်ရှိအချိန်၌ မွန်ပြည်နယ်ကိုသာအခြေပြုထားသော်လည်း ရေးဆွဲထားသောမူဝါဒ အရ တစ်နိုင်ငံလုံးရှိ အမျိုးသမီးများပါဝင်နိုင်မည်ဖြစ်ပြီး ဗဟိုကော်မတီထဲတွင်လည်း အခြားပြည်နယ်နှင့် တိုင်းဒေသကြီးရှိ အမျိုးသမီးများ ပါဝင်နိုင်မည်ဖြစ်သည်။
“ကျွန်မ တို့အမျိုးသမီးတွေ ကိုယ့်အခွင့်အရေးကို တောင်းဖို့ ဆိုတာ ဒီလိုနိုင် ငံရေးပါတီရှိရင် ပိုပြီးအဆင်ပြေ လာမှာပေါ့။ လွှတ်တော်ထဲမှာလည်း အမျိုးသမီးတွေပိုပြီး ပါဝင်လာနိုင်မယ်။ ရာနှုန်းပြည့်မဟုတ်ရင်တောင် အမျိုးသမီးတွေအတွက် အချို့သောအရာတွေ ရရှိလာအောင်တောင်းဆိုနိုင် မယ်။”ဟု အမျိုးသမီးပါတီသို့ ၀င်ရောက်မည့် မွန်အမျိုးသမီးတစ်ဦးက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ရရှိပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမျိုးသမီး ပါတီ ဖွဲ့စည်းကာ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအမှီ လွှတ်တော်ကိုယ်စားလှယ်များအဖြစ်ဝင်ရောက် ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း ကိုလည်း သိရသည်။
လက်ရှိအချိန်တွင် အမျိုးသမီးပါတီ၏ တည်ထောင်ခွင့်အား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ စိစစ် နေပြီး မကြာခင် ခွင့်ပြုချက်ရရှိရန်မျှော်လင့် ထားကြောင်း အမျိုးသမီးပါတီတည်ထောင်မည့်သူများက ပြော ဆိုသည်။
Shwe Myitmakha Media Group
No comments:
Post a Comment