Thursday, December 04, 2014

ဘဏ်ချေးငွေဖြင့် ပြည်သူတို့ တိုက်ခန်းဝယ်ယူနိုင်ရန် တိုင်းလွှတ်တော် ဆွေးနွေးမည်



အိမ်ခန်းတစ်ခန်းလျှင် သိန်းပေါင်း ရာဂဏန်းဖြင့် ရောင်းချပေးနေသော ရန်ကုန်တိုင်း အစိုးရ၏ တန်ဖိုးနည်း အိမ်ရာ စီမံကိန်း များသည် အခြေခံပြည်သူများအတွက် လက်လှမ်းမမီသည့် ဈေးနှုန်းဖြစ်သောကြောင့် ပြည်တွင်းဘဏ်များ သို့မဟုတ် နိုင်ငံတစ်ကာ ဘဏ်များဖြင့် ချိတ်ဆက်ပြီး နှစ်ရှည်ချေးငွေစနစ်ဖြင့် ဝယ်ယူခွင့်ပြုရန် ဒီဇင်ဘာ ၃ ရက်က တိုင်းလွှတ်တော် အထူးအစည်းအဝေးတွင် အမတ်တစ်ဦးက အရေးဆိုလိုက်သည်။
တန်ဖိုးနည်းအိမ်ရာများကို အဆိုပါဘဏ်များဖြင့် ချိတ်ဆက်ပြီး နှစ်(၂၀) ချေးငွေစနစ်ဖြင့် ဝယ်ယူခွင့်ပြုရန် တိုင်းလွှတ်တော် အမတ် ဒေါက်တာ ညိုညိုသင်းက အရေးဆိုခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်တွင် သဘောတူ လက်ခံကာ ဒီဇင်ဘာ ၅ ရက်တွင် ဆွေးနွေးရန် လွှတ်တော်ဥက္ကဋ္ဌက ညွှန်ကြားထားသည်။

တိုင်းအစိုးရ ရောင်းချပေးနေသည့် တန်ဖိုးနည်းအိမ်ရာ၊ အိမ်ခန်းတစ်ခန်းလျှင် သိန်းတစ်ရာနှင့်အထက် ကျသင့်မည်ဖြစ်ပြီး အဆို ပါ ငွေပမာဏသည် အောက်ခြေပြည်သူတို့ ဝယ်နိုင်ချေမရှိဟု အဆိုရှင် ဒေါက်တာညိုညိုသင်းက လွှတ်တော်တွင် ပြောသည်။

“ရန်ကုန်တိုင်း ဒေသကြီးအစိုးရအနေနဲ့ နိုင်ငံတစ်ကာဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ပြည်သူလူထုကို နှစ်၂၀၊ နှစ်၃၀ ဆိုတဲ့ နှစ်ရှည် စီမံကိန်းတွေနဲ့ ဝယ်ယူခွင့်ပေးမယ်ဆိုရင် ပြည်သူလူထုက အခုထက်ပိုပြီး ဝယ်ယူနိုင်မယ်” ဟု ဒေါက်တာညိုညို သင်းက ပြောသည်။

အခြေခံပြည်သူများအတွက် ကျောတစ်နေရာစာပင် ခက်ခဲနေသည့် ရန်ကုန်တိုင်းအတွင်း အိမ် သို့မဟုတ် တိုက်ခန်း ရှိပြီးသား သူများက တန်ဖိုးနည်းအိမ်ရာများကို ထပ်မံဝယ်ယူခွင့်ရနေသောကြောင့် ရန်ကုန်မြို့တွင် တစ်နေ့တစ်ခြား မြေမဲ့၊ အိမ်မဲ့များ တိုးပွားနေရသည်ဟုလည်း ၎င်းက ဆိုသည်။

ဒေါ်ညိုညိုသင်း၏ အဆိုကဲ့သို့ အိမ်ခန်းဝယ်ယူခွင့်ရမည်ဆိုလျှင်ပင် အစိုးရအနေဖြင့် တန်ဖိုးနည်းအိမ်ရာများကို ပြည်သူများ အလွယ်တကူဝယ်ယူနိုင်ရန် ဖော်ဆောင်ပေးသင့်သည်ဟု အိမ်ခန်းငှားနေရသည့် အငှားယာဉ်မောင်း တစ်ဦးက မှတ်ချက်ပြုသည်။

ရန်ကုန်တိုင်းအတွင်းရှိ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင် ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်နှင့် ရွှေပြည်သာမြို့ နယ်တို့တွင် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန် မြေနေရာစိစစ်နေသည်ဟု စက်တင်ဘာ ၂၄ရက်တွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောဆိုထားသည်။

သို့သော် အလုပ်အကိုင် အခွင့်အလမ်းနှင့် လူမှုစီးပွား အခွင့်အလမ်းများ၏ ဆွဲဆောင်မှုကြောင့် လူဦးရေ သိပ်သည်းလာ သည့် မြို့ပြများတွင် စံချိန်စံညွှန်းမမီသည့် အိမ်ရာများနှင့် အိမ်မဲ့၊ ယာမဲ့များဖြစ်သော ကျူးကျော်များ တိုးပွားလာသည်ဟု သမ္မတဦးသိန်းစိန်က မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးမူဝါဒနှင့် စီမံကိန်းဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲတွင် နိုဝင်ဘာ ၂၁ရက်က ထုတ်ဖော်ပြောဆိုခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List