Friday, December 05, 2014

လက်ရှိခွင့်ပြုထားသည့် ဘီယာစက်ရုံများအပြင် နောက်ထပ်ခွင့်ပြုရန် အစီအစဉ်မရှိကြောင်းနှင့် စီးကရက်စက်ရုံ တည်ထောင်ခွင့်လည်း ပေးဦးမည်မဟုတ်ကြောင်း MIC ထုတ်ပြန်



မြန်မာနိုင်ငံ၌ လက်ရှိတွင် ခွင့်ပြုပေးထားသော Carlsberg ၊ Heineken အစရှိသည့် ဘီယာစက်ရုံများအပြင် နောက်ထပ် ဘီယာထုတ်လုပ်ခွင့်အား ထပ်မံချထားပေးဦးမည် မဟုတ်ကြောင်းနှင့် စီးကရက်စက်ရုံ တည်ဆောက် ခွင့်ကိုလည်း ပေးဦး မည်မဟုတ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ပြောကြားခဲ့သည်။
“ပြည်တွင်းဈေးကွက်မှာ ဘီယာနဲ့ စီးကရက်က demand ရှိနေပါတယ်။ တကယ်လို့ demand အတိုင်းကို မထုတ်လုပ်နိုင် ဘူးဆိုရင် တစ်ဖက်မှာ ဘီယာနဲ့ စီးကရက်ကို တင်သွင်းခွင့်ပိတ်ထားတဲ့အတွက် တရားမဝင်လမ်းကြောင်းကနေ အများ အပြား ဝင်ရောက်လာမှာကို မလိုလားပါဘူး။ ဒါကြောင့် ပြည်တွင်းထဲကို အလွန်အကျွံ လိုအပ်တာထက်ပိုပြီး တင်သွင်းတာ မျိုးလည်းမဖြစ်အောင် လုပ်မယ်လို့ ဆုံးဖြတ်ထားတာရှိတယ်။ ပြည်တွင်းဈေးကွက်မှာ မကြာခင်မှာ Carlsberg တို့ Heineken တို့က ထွက်လာတော့မှာပါ။ အချို့လည်း စက်ရုံဆောက်နေတာ မပြီးသေးဘူး။ သူတို့ပစ္စည်းဈေးကွက်ထဲ ရောက်မယ့်အချိန်မှာ ပြည်တွင်းစားသုံးမှုနဲ့ ပြန်ပြီး ကြည့်ရမှာပါ။ ဆိုလိုတာက အဲဒီအချိန်မှာ တရားမဝင်တင်သွင်းမှု ဘယ်လောက်ကျသွားမလဲ ကျွန်တော်တို့ကြည့်ရမယ်။ တစ်ဖက်က စီးပွား/ကူးသန်းကလုပ်နေတဲ့ ပေါ်လစီပါ။ အဲဒီပေါ် လစီက ဘာတွေပြောင်းဦးမလဲ ကျွန်တော်တို့ မသိသေးဘူး။ ဒီအပေါ်ချိန်ဆပြီး နောက်ထပ်စက်ရုံတွေ ပေးဖို့ မပေးဖို့ ချိန်ဆသွားမှာပါ။ 



ခုချိန်မှာတော့ ဘီယာစက်ရုံ ထပ်ပြီးတည်ဆောက်ဖို့ ခွင့်ပြုထားတာ မရှိသေးဘူး။ စီးကရက်လည်း လောလောဆယ်ပေး ဖို့ အစီအစဉ်မရှိသေးဘူး” ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အလားတူ စီးကရက်အား ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုချက်ပေးမထားကြောင်း၊ လောလောဆယ် MIC ပါမစ်နှင့်သွားနေ သည့် စက်ရုံများရှိသကဲ့သို့ MIC ပါမစ်နှင့် မဟုတ်သည့်စက်ရုံများလည်း ရှိကြောင်း၊ ချထားပေးရန် မလိုသေးကြောင်း ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

ပြည်တွင်းအတွက် ကုန်ကြမ်းသုံးစွဲမှုနှင့် ပတ်သက်၍မူ နိုင်ငံခြားမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများသည် MIC မှ ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ် ၁/၂ဝ၁၃ အရ လုပ်ငန်းအမျိုးအစားအလိုက် ဖော်ပြထားကြောင်း၊ ဝန်ကြီးဌာနများ၏ အခြေခံလိုအပ်ချက်ကို အခြေခံ၍ ပြဠာန်းထားကြောင်း သိရသည်။ 

လက်ရှိတွင်မူ မြန်မာနိုင်ငံ၌ အရက်ဘီယာ၊ စီးကရက် တရားဝင်လမ်းကြောင်းမှ ပိတ်ပင်ထားသော်လည်း မှောင်ခို လမ်းကြောင်းများမှ ဝင်ရောက်မှုများ အများအပြားရှိနေကြောင်း၊ ရရှိထားသော စာရင်းဇယားများအရ ဘီယာတစ်မျိုးတည်း တင်သွင်းမှု လီတာ ၂၆ သန်းဝန်းကျင်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် life style အပြောင်းအလဲများ ရှိနေသောကြောင့် ယခုနှစ်ပိုင်းအတွင်း မြင့်တက်လာနိုင်ကြောင်း၊ လက်ရှိအခြေအနေတွင် အမျိုးသမီးများပါ ဘီယာသောက်သုံးမှု ရှိနေကြောင်း၊ ထို့အတွက် နောက်ပိုင်း မှောင်ခိုဝင်ရောက်မှု ပိုမိုများပြားလာနိုင်ကြောင်း၊ ဈေးကွက်ရေးရာ ကျွမ်းကျင်သူတို့က သုံးသပ်ကြသည်။ 

Eleven media Group

No comments:

Post a Comment

My Blog List