Monday, December 01, 2014

ပညာရေးသည် နိုင်ငံရေးကစားကွက် မဖြစ်သင့်ကြောင်း သမ္မတအကြံပေး ဒေါက်တာဒေါ်ရင်ရင်နွယ် သတိပေး



ပညာရေးသည် နိုင်ငံရေးကစားကွက် မဖြစ်သင့်ကြောင်း နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၌ ပြုလုပ်သော မြန်မာ့စီးပွားရေး အသွင်ကူးပြောင်း မှုဆိုင်ရာ အခွင့်အလမ်းနှင့် ရွေးချယ်စရာများ ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတ၏ ပညာရေးအကြံပေး ဒေါက်တာ ဒေါ်ရင်ရင်နွယ်က ပြောကြားသည်။
ပညာရေးစနစ်သည် ၂၀၀၆ ခုနှစ်မှစ၍ ယခင်အစိုးရ သက်တမ်းတစ်လျှောက် လုံးပျက်ယွင်းခဲ့ပြီး လက်ရှိ ပြုလုပ်နေသည့် ပညာရေး ပြုပြင်ပြောင်းလဲမှုသည် ယခင်ထက် ပိုမိုကောင်းမွန်သောကြောင့် စိတ်ရှည်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

“ဘယ်သူဘယ်လောက်ပဲ ပြောပြော တက္ကသိုလ်အုပ်ချုပ်ရေးကို Decentralized (ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ခြင်း) လုပ်လိုက် ပါပြီ။ ပညာရေးဟာ နိုင်ငံရေးကစားကွက် မဖြစ်သင့်ပါဘူး။ ကလေးတွေပဲ နစ်နာပါတယ်” ၎င်းက ပြောဆိုသည်။

ကျောင်းသားများကို နိုင်ငံရေးသမားများ၏ အသုံးချခံသဖွယ် ပြောဆိုခြင်းသည် ကျောင်းသားများ၏ မခံချင်စိတ်ကို နှိုးဆွရာ ရောက်သည်ဟု အမျိုးသားပညာရေး ဥပဒေကြမ်း ကန့်ကွက်သည့် လှုပ်ရှားမှုတွင် ပါဝင်သော ဒဂုံတက္ကသိုလ်၊ အရှေ့တိုင်း ပညာဌာနမှ လက်ထောက်ကထိက ဦးအာကာမိုးသူ က ပြောကြားသည်။

“ကျောင်းသားတွေကို နိုင်ငံရေးမှာ အသုံးချတယ်ဆိုလည်း အဲဒါအစိုးရပဲ။ သူတို့ပဲ အသုံးချတာ” ဟု ၎င်းက မှတ်ချက်ပြုသည်။

အစိုးရက ပညာရေးသည် နိုင်ငံရေးနှင့် ပတ်သက်ခြင်းမရှိကြောင်း နိုင်ငံတကာ တွင် ထုတ်ဖော်ပြောရမည် မဟုတ်ဘဲ ပြီးခဲ့သည့် သမိုင်းတစ်လျှောက်တွင်လည်း ကျောင်းသားများသည် နိုင်ငံရေးတွင် ပါဝင်၍ နိုင်ငံကို ဦးဆောင်သူများ ဖြစ် လာကြောင်း ၎င်းက ရှင်းပြသည်။

အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြမှုများကြားမှပင် ပြည်ထောင်စု လွှတ်တော်က အောက်တိုဘာလအတွင်း အတည်ပြုခဲ့ပြီး ကန့်ကွက်ဆန္ဒပြမှု များသည် နိုဝင်ဘာလတွင် အရှိန်အဟုန် အမြင့်ဆုံး ဖြစ်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List