Wednesday, December 03, 2014

ကိုပါကြီး မသေဆုံးမီ ညှဉ်းပန်းနှိပ်စက်ခံရခြင်း မရှိဟု လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်



တပ်မတော်က ဖမ်းဆီးထားစဉ် သေဆုံးခဲ့သည့် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးခဲ့မှု ဖြစ်စဉ်တွင် ကိုပါကြီး မသေဆုံးခင် တပ်မတော်က ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက် ခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်း မရှိကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ထုတ်ပြန်သည်။
အဆိုပါ သေဆုံးမှု ဖြစ်စဉ်နှင့် ပတ်သက်၍ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦး၊ တပ်မတော်သား ၂၀၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုပြည်နယ် ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မှုခင်း ဆရာဝန်ကြီးများနှင့် သက်ဆိုင်ရာ မိသားစုဝင်များ စသည်တို့ အပါအဝင် လူပုဂ္ဂိုလ်ပေါင်း ၄၇ ဦးကို စစ်ဆေးမေးမြန်းထားသည့် တွေ့ရှိချက်များကို ဒီဇင်ဘာလ ၂ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်ခြင်း ဖြစ်သည်။

လူ့အခွင့်အရေး ကော်မရှင်၏ စုံစမ်း စစ်ဆေးချက်အရ ကိုပါကြီးသည် တပ်မတော်က ဖမ်းဆီးထားစဉ် အောက်တိုဘာလ ၄ ရက်နေ့က လက်နက်လုယူကာ ထွက်ပြေးမှုကြောင့် တာဝန်ကျ တပ်မတော်သား တစ်ဦးက ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလောင်းအား ကျန်းမာရေး ဝန်ကြီးဌာန၏ ရင်ခွဲစစ်ဆေးချက်နှင့် ထင်မြင်ယူဆချက် အစီရင်ခံစာတွင်လည်း ဦးခေါင်း၊ ရင်ခေါင်း၊ ပေါင်နှင့် ခြေဖနောင့်တို့တွင် ရရှိသော သေနတ်ဒဏ်ရာ များကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြ ထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကျိုက်မရောမြို့နယ်၊ ရွှေဝါချောင် ကျေးရွာအနီးရှိ တောတွင်း တစ်နေရာတွင် မြှုပ်နှံထားသည့် အဆိုပါ အလောင်းကို နိုဝင်ဘာလ ၅ ရက်နေ့က ပြန်လည် တူးဖော်ကာ မော်လမြိုင် ပြည်သူ့ဆေးရုံတွင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

လူ့အခွင့်ရေး ကော်မရှင်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဒွိဟဖြစ်စရာ အကြောင်းအချက်များ ရှိနေပြီး ၁၆ မျက်နှာပါရှိသည့် အစီရင်ခံစာတွင် ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်သည့် ဖော်ပြချက်သည် နှစ်မျက်နှာစာသာ ပါရှိကြောင်း၊ ယင်းအပြင် တပ်မတော်ဘက်မှ ကနဦး ထုတ်ပြန်ချက်နှင့်လည်း ကွဲလွဲနေကြောင်း ကိုပါကြီး၏ ဇနီးဖြစ်သူ မသန္တာက ဆိုသည်။

“အသေးစိတ် ကွဲလွဲချက်တွေကတော့ အများကြီး ရှိပါတယ်၊ ကျွန်မတို့မှာလည်း သက်သေ အထောက်အထားတွေ ရှိပါတယ်၊ ဒါတွေကိုတော့ တရားရုံးကျမှပဲ ဆက်ပြီး တင်ပြသွားပါမယ်” ဟု ၎င်းက ပြောဆိုသည်။

ကိုပါကြီးသည် ဖမ်းဆီးခံရသည့် စက်တင်ဘာလ ၃၀ ရက်နေ့ မတိုင်မီ၊ စက်တင်ဘာလ ၂၆ ရက်နေ့မှ စတင်ကာ KKO (Klohhtoobor Karen Organization) အဖွဲ့နှင့်အတူ ရှိနေခဲ့ကြောင်း၊ ၂၇-၉-၂၀၁၄ ရက်နှင့် ၂၈-၉-၂၀၁၄ ရက်နေ့များတွင် တပ်မတော်နှင့် KKO တို့တိုက်ပွဲများ ဖြစ်ပွားနေစဉ် KKO အဖွဲ့နှင့်အတူ ထွက်ပြေးပုန်းအောင်း နေခဲ့ကြောင်း ယင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အဆိုပါ သေဆုံးမှု ဖြစ်စဉ်အတွင်း ကိုပါကြီးကို ဖမ်းဆီးခဲ့သည့် အမှတ် (၂၁၀) ခြေမြန်တပ်ရင်း အနေနှင့် အချုပ်သားကို စနစ်တကျ ချုပ်နှောင်ခြင်း၊ ကြပ်မတ် ကွပ်ကဲခြင်း၊ ထွက်ပြေးပါက အဆင့်ဆင့် ဆောင်ရွက်ရမည့် လုပ်နည်းစနစ်များအား ရှင်းလင်း ညွှန်ကြားခြင်းများ အားနည်းခဲ့သည့်အပြင် သေဆုံးသူ၏ အလောင်းကို မြှုပ်နှံခဲ့သော်လည်း ဒုတပ်ရင်းမှူး၊ တပ်ခွဲမှူးတို့မှ ကြီးကြပ်မှု အားနည်းကြောင်း၊ အလောင်းမြှုပ်နှံမှု မှတ်တမ်းနှင့် ဓာတ်ပုံများ စနစ်တကျ ပြုစုဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း လူ့အခွင့်အရေး ကော်မရှင်က သတင်းထုတ်ပြန်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List