Friday, December 05, 2014

မေမြတ်နိုးကို ခွဲစိတ်ပြုပြင်မှုအတွက် လိုအပ်သည့်စရိတ်ရှာဖွေရန် စပွန်ဆာ ပေးမည့်သူများနှင့် အတူနေရန် ခိုင်းစေခဲ့ခြင်းမှာ မှန်ကန်ကြောင်း ကိုရီးယားအလှမယ်ပြိုင်ပွဲစီစဉ်သူက ထုတ်ဖော်



မေမြတ်နိုးကို ခွဲစိတ်ပြုပြင်မှုများပြုလုပ်ရန် စေခိုင်းခဲ့ပြီး ယင်းသို့ခွဲစိတ်ပြုပြင်ရန် လိုအပ်သည့်စရိတ်များရှာဖွေရန် စပွန်ဆာပေး မည့်သူများနှင့်အတူနေရန် ခိုင်းစေခဲ့သည်မှာ မှန်ကန်ကြောင်း ကိုရီးယားအလှမယ်ပြိုင်ပွဲစီစဉ်သူက ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု ကိုရီးယားသတင်း မီဒီယာများ၌ ဖော်ပြခဲ့ကြသည်။
Miss Asia Pacific World 2014 ဆုကို ရရှိခဲ့သော မြန်မာအလှမယ် မေမြတ်နိုး က သတင်းစာရှင်းလင်းပွဲတွင် ပြိုင်ပွဲကျင်း ပရေးကော်မတီသည် သီချင်းခွေထုတ်လုပ်ရေး ကုန်ကျစရိတ်အတွက် ငွေကြေးကြွယ်ဝချမ်းသာသော ပုဂ္ဂိုလ်များအတွက် လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုများဆောင်ရွက်ရန် စေခိုင်းခဲ့ကြောင်း၊ ထို့ပြင် သူမ၏ အသက်ကိုလည်း ၁၆ နှစ်မှ ၁၈ နှစ်သို့ မှားယွင်းပြင်ဆင်ခဲ့ကြောင်း ဖြေကြားခဲ့သည်။

ပြိုင်ပွဲအတွက် စပွန်ဆာပေးသူ လောရင့်ချွိုင်က မေမြတ်နိုးသည် လိမ်လည်ခဲ့ကြောင်း ပြောကြားခဲ့ပြီး အလှမယ်ဆုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

Asia Pacific Supertalent of the World ကျင်းပရေးကော်မတီ၏ ဥက္ကဋ္ဌ ဂျန်ဝမ်ယန်းသည် ယင်းဖြစ်စဉ်ကို စုံစမ်းစစ် ဆေးရေးဆောင်ရွက်စေခဲ့ပြီးနောက် မေမြတ်နိုးသည် လိင်ပိုင်းဆိုင်ရာဖျော်ဖြေမှုဆောင်ရွက်ရန် တောင်းဆိုခံခဲ့ရသည်မှာ မှန်ကန်ကြောင်း နောက်ဆုံးတွင် စစ်ဆေးတွေ့ရှိခဲ့သည်။ လောရင့်ချွိုင်သည် Supertalent of the World ပြိုင်ပွဲ၏ အစီအစဉ်များကို ပိုင်ဆိုင်ထားပြီး News Networks Korea ကို ကိုယ်စားပြုသူဖြစ်ပြီး ချွိုင်သည် နိုင်ငံခြားမှ ပြိုင်ပွဲဝင်များကို ဖိတ်ခေါ်ပြီး အလှမယ်ပြိုင်ပွဲ အနိုင်ရသူများအတွက် စီမံခန့်ခွဲရေးလုပ်ငန်းကို စပွန်ဆာပေးသူ ဖြစ်သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့က ၂၀၁၄ ခုနှစ် ဇွန်တွင် တည်ထောင်ခဲ့သော ချွိုင်၏ News Networks Korea သည် ရုံးခန်းမရှိ၊ ရုံးဝန်ထမ်းမရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ပြင် ချွိုင်သည် ပြည်တွင်းပြည်ပတွင် လိမ်ညာသော ကန်ထရိုက်စာချုပ်များ ဆောင်ရွက်ရန်အတွက် မိုတယ်တစ်ခုမှ အင်တာနက်ကဖေးတစ်ခုသို့ ပြောင်းရွှေ့ဆောင်ရွက်ခဲ့ကြောင်း စစ်ဆေးရေးအဖွဲ့က တွေ့ရှိခဲ့သည်။

မြန်မာအလှမယ် မေမြတ်နိုးသည် ချွိုင်၏ News Networks Korea နှင့် ကန်ထရိုက်စာချုပ် ချုပ်ဆိုထားကြောင်း စစ်ဆေး ရေးအဖွဲ့၏ စုံစမ်းမှုများအရ သိရသည်။ ချွိုင်သည် သြဂုတ်လက မေမြတ်နိုးကို အသံသွင်းရန်နှင့် အဆိုလေ့ကျင့်ရန်အတွက် ကိုရီးယားကို ဖိတ်ခေါ်ခဲ့သည်။ ဆိုးလ်ရှိ ဟိုတယ်တစ်ခုတွင် ပထမဆုံးရောက်သည့်နေ့မှာပင် ချွိုင်က ငွေကြေးမရှိသည့် အတွက် စပွန်ဆာပေးမည့်ပုဂ္ဂိုလ်များကို ဧည့်ခံဖို့အပါအ၀င် ဆောင်ရွက်ရမည့်အစီအစဉ်များကို မေမြတ်နိုးအား ရှင်းပြ ခဲ့သည်။

ထို့ပြင် ချွိုင်သည် ယခင်အလှမယ်ပြိုင်ပွဲများအတွင်းကလည်း မလျော်မကန် ဆောင်ရွက်မှုများရှိခဲ့ပြီး အလွဲသုံးစားဆောင်ရွက် မှုများ ဆောင်ရွက်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖော်ထုတ်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် လိမ်လည်မှုအတွက် ချွိုင်သည် ပြစ်ဒဏ်ချမှတ်ခံထားရပြီး ခံဝန်ချုပ်ဖြင့် နေထိုင်နေရသူ ဖြစ်သည်။ မြန်မာအလှမယ်၏ သရဖူရုပ်သိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုများအတွက် အမှန်ကိုဖော်ထုတ်ရန် ကြိုးပမ်းခဲ့သော MBC မှ တွေ့ဆုံမေးမြန်းရန် တောင်းဆိုမှုကို ချွိုင်က ပယ်ချ ခဲ့ကြောင်း သိရသည်။

ယခုအခါ ချွိုင်သည် မည်သည့်နေရာသို့ရောက်ရှိနေမှန်း မည်သူမျှမသိကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိခဲ့သည်။ Asia Pacific Supertalent of the World ၏ Season 5 ကို ဒီဇင်ဘာ ၁၉ ရက်တွင် ဆိုးလ်မြို့၌ကျင်းပရန် စီစဉ်နေပြီဖြစ် သည်။ ထို့ကြောင့် သက်ဆိုင်ရာပွဲစီစဉ်သူများ၊ မီဒီယာများ၊ ပြိုင်ပွဲဝင်များအားလုံးသည် ဆုံးရှုံးမှုနှင့် ရင်ဆိုင်နေရသည်။ ယင်းပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌသည် ချွိုင်ကို နစ်နာသူများအားလုံးကိုယ်စား တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

“အခုလို တကယ့်အမှန်တရားကို အားလုံးက ရှင်းရှင်းလင်းလင်း သိမြင်သွားကြပြီဖြစ်တဲ့အတွက် အရမ်းကိုကျေနပ်ဝမ်းသာ ရပါတယ်။ မြတ်နိုးအနေနဲ့ အခုလက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဆက်ပြီး လုပ်ကိုင်နေပါတယ်”ဟု မေမြတ်နိုးက ဆိုသည်။

လက်ရှိတွင် မေမြတ်နိုးသည် ဒါရိုက်တာ သားညီရိုက်ကူးသည့် “နောက်မှစ၍ ရေတွက်ပါ” ဗီဒီယိုဇာတ်ကားကို ရိုက်ကူး လျက်ရှိသည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List