Thursday, December 04, 2014

စစ်တပ်ကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်းစုကြည် ထမင်းစားဖိတ်ခေါ်ဦးမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်
တွေကို လာမယ့်လွှတ်တော်အစည်းအဝေးပြန်လည် စတင်မယ့်အချိန်အတွင်းမှာ သီးသန့် ထမင်းစား ဖိတ်ခေါ်တွေ့ဆုံမယ်လို့ သိရပါတယ်။

လက်ရှိဟာ လွှတ်တော်နားနေတဲ့အချိန်ဖြစ်တာကြောင့် လာမယ့်လွှတ်တော် အစည်းအဝေးကာလရောက်မှ သီးသန့်တွေ့ဆုံမယ့်အကြောင်း တပ်မတော်သားတွေဘက်က စာပြန်ပေးပို့ထားတယ်လို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောပါတယ်။

"သူတို့ကတော့ ဒီပြီးခဲ့တဲ့လွှတ်တော်မှာ မဖြစ်နိုင်တဲ့အကြောင်းပေါ့လေ သူတို့လည်း စီစဉ်ထားပြီဖြစ်တဲ့ အကြောင်း စာနဲ့တကွအကြောင်းပြန်ပြီး ဖြစ်ပါတယ်၊ လာမဲ့လွှတ်တော်ပြန်စမှပဲ အပြန်လှန်ပေါ့လေ ထမင်းစားဖိတ်တာတွေ၊ ဆောင်ရွက်တာတွေပေါ့ဖြစ်မှာပါ၊ သူတို့ကဘက်လည်း အဲ့အချိန်ကျရင် ညှိနှိုင်းပြီးမှ အပြန်အလှန် ညစာစားပွဲတွေ ခင်မင်ရင်းနှီးတာတွေ ဆောင်ရွက်ချင်ပါတယ်၊ ဒါကြောင့် လာမဲ့လွှတ်တော်မှာ ဆောင်ရွက်ဖို့ကိုတော့ ညှိနှိုင်းတိုင်ပင်မှ အချိန်ပေးပြီးမှပေါ့လေ၊ အချိန်သက်မှတ်ပြီးမှ ဆောင်ရွက်ဖို့ အကြောင်းပြန်ကြားခဲ့တာ ရှိပါတယ်"

ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမပြီးဆုံးခင်အချိန်တုန်းက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တွေကို ဒေါ်အောင်ဆန်းစုကြည်က နေ့လည်စာ ဖိတ်ကြားပြီး တွေ့ဆုံကြဖို့ စီစဉ်ခဲ့ပေမဲ့ တပ်မတော်သား တွေဘက်က မဖြစ်နိုင်သေးကြောင်း စာနဲ့တရားဝင် ပြန်လည်အကြောင်းပြန်ခဲ့ပါတယ်။

နောက်ပြန်လည်စတင်မယ့် လွှတ်တော်အစည်းအဝေးအချိန်အတွင်းမှာ အချိန်ပေးပြီးတွေ့ဆုံကြဖို့ကို တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကြောင်းပြန်ကြားချက်ထဲမှ ပါရှိတဲ့အတွက် ထပ်မံစီစဉ်မှာ ဖြစ်ကြောင်းလည်း ဦးမင်းသူက ပြောပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List