Friday, December 05, 2014

ကမ္ဘာ့အကောင်းဆုံးဝီစကီအဖြစ် ဂျပန်ဝီစကီ ရွေးချယ်ခံရ



၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဝီစကီစာရင်း (Jim Murray Whisky Bible 2015) အရ ဂျပန်ဝီစကီ ယာမာဇာကီ ရှယ်ရီ ကတ်က် ၂၀၁၃ (Yamazaki Sherry Cask 2013)ဟာ ကမ္ဘာ့အကောင်းဆုံး ၀ီစကီဆုအဖြစ် ရွေးချယ်ခံရပါတယ်။ဒီဝီစကီကို ဥရောပမှာပဲ ရောင်း ချတာ ဖြစ်ပြီး ဒီဝီစကီနဲ့ အနီးစပ်ဆုံး အရည်အသွေးတူတဲ့ ယာမာဇာကီ ရှယ်ရီ ကတ်က် ၂၀၁၂ (Yamazaki Sherry Cask 2012) ၀ီစကီကတော့ ဂျပန်ပြည်တွင်းမှာပဲ ရောင်းချပြီး မြို့တော် တိုကျိုမှာ လူကြိုက်များ တဲ့ ၀ီစကီ ဖြစ်ပါတယ်။
ကမ္ဘာ့အကောင်းဆုံး ယာမာဇာကီဝီစကီကို ဂျပန်နိုင်ငံအနောက်ပိုင်း တောင်ပေါ်ဒေသမှာ ထုတ်လုပ်ပြီး တချို့လူတွေအဖို့ ကြားတောင် ကြားဖူးမှာ မဟုတ်ဘူးလို့ ဒီဝီစကီကို ထုတ်လုပ်တဲ့ ဆန်းတိုရီ (Suntory) အရက်စက်ရုံအကြီးအကဲက ပြောဆိုပါတယ်။

အရက်ချက်စက်ရုံတိုင်းမှာ မတူကွဲပြားတဲ့ အားသာချက်တွေရှိပြီး အဲဒီအားသာချက်တွေကို အမိအရ အသုံးချဖို့ အရေးကြီး တာပါ။

အကောင်းဆုံး ၀ီစကီအဖြစ် မှတ်တမ်းဝင်သွားတာကလည်း အဲဒီ အားသာချက်ကြောင့် ဖြစ်တဲ့အတွက် သိပ်မထူးဆန်းပါဘူး လို့ စက်ရုံအကြီးအကဲ တာကာဟီဆာ ဖူဂျီအီ(Takahisa Fujii) က ပြောဆိုပါတယ်။

ဆန်းတိုရီ အရက်ချက်စက်ရုံမှာ အရက်စည် ၂ ထောင်ရှိပြီး အဆင့်တိုင်းမှာ အထူး ဂရုစိုက်ထုတ်လုပ်တယ်လို့လည်း ပြောပါတယ်။

စက်ရုံတည်နေရာနဲ့ မြေမျက်နှာပြင် အမြင့်ကလည်း အားသာချက်တခု ဖြစ်တယ်လို့ တာကာဟီဆာ ဖူဂျီအီက ပြောဆိုပါ တယ်။

ကမ္ဘာ့အကောင်းဆုံးဝီစကီတွေကို ရွေးချယ်အဆင့်သတ်မှတ်တဲ့ ၀ီစကီကျွမ်းကျင်သူ ဂျင့် မော်ရေး(Jim Murray)က ယာမာဇာကီရဲ့ အနံ့အရသာဟာ ထုတ်ဖော်ပြောပြဖို့တောင် ခက်ခဲပါတယ်လို့ ချီးမွမ်းထားပါတယ်။

ဆန်းတိုရီအရက်စက်ရုံ အရည်အသွေးထိန်းချုပ်ရေး အရာရှိ ရှင်းဂျီ ဖုကူယို(Shinji Fukuyo) က အခုလို ကမ္ဘာ့အကောင်းဆုံး ဆုရခဲ့တာကို အားရကျေနပ်ပြီး ဒီအောင်မြင်မှုနဲ့တင် တင်းတိမ်မနေပဲ ဆက်လက်ကြိုးစား သွားမယ်လို့ ပြောဆိုပါတယ်။

၁၉၉၀ နောက်ပိုင်း ဂျပန်ပြည်သူတွေ ဘီယာပြောင်းသောက်ခဲ့ကြလို့ ဂျပန်နိုင်ငံမှာ ၀ီစကီ အရောင်းကျဆင်းခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဂျပန်ဝီစကီတွေ နိုင်ငံတကာမှာ နာမည်ပြန်ရလာတာကြောင့် ဂျပန်နိုင်ငံမှာ ၀ီစကီ အရောင်းပြန်တက် လာတယ်လို့လည်း သိရပါတယ်။

DVB

No comments:

Post a Comment

My Blog List