Tuesday, December 02, 2014

ဗိုလ်ချုပ်ရာပြည့်ပွဲ ကျင်းပရန် ပုသိမ်မြို့ အုပ်ချုပ်ရေးအဖွဲ့စီစဉ်


ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်၌ ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲကို အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကျင်းပမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက မဇ္ဈိမကို ပြောသည်။

“ဗိုလ်ချုပ် ရာပြည့်မွေးနေ့ အခမ်းအနားကို ကျွန်တော်တို့ ဦးဆောင်လုပ်ပေး မှာပါ။ အဖွဲ့အစည်းအားလုံး ပါဝင်ဆောင်ရွက်စေချင်တယ်၊ တိုင်းဒေသကြီး အစိုးရ အနေနဲ့ ကူညီပံ့ပိုးပေးမှာပါ၊ အားလုံးပါဝင်စေချင် တယ်၊ လုပ်တာ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ တစ်ရက်ထဲမှာ ကျင်းပပြုလုပ်မှာပါ၊ ဒီပွဲကို အနှစ်သာရရှိရှိလေး ဖြစ်စေချင်တယ်၊ ဗိုလ်ချုပ်စိတ်ဓါတ်ကို လူတိုင်းရင်ထဲမှာ မှတ်ပြီး လိုက်နာနိုဖို့ လုပ်ဆောင်တာပါ” ဟု ၎င်းကပြောသည်။

ရာပြည့်ပွဲတွင် မနက်ပိုင်း၌ သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခြင်း၊ နေ့လည်ပိုင်တွင် စာရေးဆရာ မောင်သာချို၊ ဆရာမ ဂျူး တို့ပါဝင်မည့်စာပေဟောပြောပွဲ ကျင်းပခြင်း၊ မြို့တော်ခန်းမ၌ နိဗာန်ဈေးပွဲတော်၊ ဗိုလ်ချုပ်အထိမ်းအမှတ်ပြခန်းများ ခင်းကျင်းပြသခြင်း၊ ကျောင်း သူ၊ ကျောင်းသားများ ပါဝင်ယှဉ်ပြိုင်ကြသည့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ ဆုပေးပွဲပြုလုပ်ခြင်းစသည့် အစီအစဉ်များပါဝင်မည်ဟု ဦးချစ်ကိုကိုက ပြောသည်။

“ဗိုလ်ချုပ်စိတ်ဓါတ် ဗိုလ်ချုပ်လုပ်ရပ်မျိုးတွေနဲ့ လုပ်တာမျိုးဆိုလက်ခံမယ်၊ အားလည်းပေးမယ်။ အကျိုးအမြတ် တစ်ခု စည်းရုံးရေးတစ်ခု အနေနဲ့ လုပ်ဆောင်တာမျိုးဆိုရင် ကျွန်တော်တို့ ၈၈ အဖွဲ့ အနေနဲ့ ကန့်ကွက်တယ်၊ သူတို့ ဗိုလ်ချုပ်ကို လေးစားလို့လုပ်တာမျိုးဖြစ်စေချင်တယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ပုသိမ်) မှ ကိုစိုးလှိုင်ဦးက ပြောသည်။

ပုသိမ်မြို့တွင် ဗိုလ်ချုပ်ရာပြည့်ပွဲကို မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ များတို့ကလည်း ပြုလုပ်ရန် စီစဉ်နေကြသည်။

၂၀၁၄ ခုနှစ် အာဇာနည်နေ့ကလည်း ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်က ပြည်သူများနည်းတူ ဗိုလ်ချုပ်အောင်ဆန်း ကျောက်ရုပ်သို့ လာရောက် ဂါဝရပြုကာ တိုင်းအတွင်း ဥသြဆွဲ၍ ဝမ်းနည်းကြောင်းပြသ မှုကိုလည်း ခွင့်ပြုဖူးသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List