မြန်မာနိုင်ငံကိုဖြတ်သန်းစီးဆင်းရာ အဓိကမြစ်ကြီးတစ်စင်းဖြစ်သည့် သံလွင်မြစ် ဖြတ်သန်းစီးဆင်းရာနေရာ တစ်လျှောက်သည် ကျောက်ကျန်းပြတ်ရွေ့ကြောင်း ပေါ်တွင်တည်ရှိနေသဖြင့် ရေအားလျှပ်စစ်ဆည်အကြီး စားများတည်ဆောက်ရန် အန္တရာယ်များကြောင်း တရုတ်ငလျင်ပညာရှင်တစ်ဦးကဆိုသည်။
"သံလွင်မြစ်ဝှမ်းတစ်လျှောက်ဟာ ငလျင်လှုပ်ခတ်မှုများတဲ့နေရာဖြစ်ပါတယ်။ ရေအားပမာဏများစွာကို သိုလှောင်ထားခြင်းဖြင့် မြေအောက်ဆက်ကြောင်း ကိုဖိအားပေးနိုင်ပြီး ငလျင်တွေဖြစ်ပေါ်နိုင်ခြေရှိပါတယ်" ဟု တရုတ်မြေငလျင် ပညာရှင် Fan Xiao ကပြောကြားသည်။
ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် စီချွမ်ပြည်နယ် ၀မ်ချွမ်မြို့တွင်လှုပ်ခတ်ခဲ့သော အင်အားရစ်ခ်ျတာစကေး ၈ ပမာဏ ရှိမြေငလျင်သည် လူပေါင်း ၈၀၀၀၀ ကိုသေဆုံးစေခဲ့ပြီး ငလျင်နှင့်ဆက်စပ်သည့် ပုံမှန်မဟုတ်သောလှုပ် ခတ်မှု များစွာကိုလည်း ဖြစ်ပေါ်စေခဲ့သည်။
အဆိုပါငလျင်နှင့်ပတ်သက်၍ ပညာရှင်များက ဇီပင်ဖုဆည်၏ရေလှောင်ကန် ဧရိယာက ငလျင်ဖြစ်ပေါ်စေ ခဲ့ကြောင်း သံသယ၀င်ခဲ့ကြသဖြင့် လေ့လာခဲ့ကြရာ အဆိုပါဆည်ရေလှောင်ကန်နှင့် ငလျင်မှာ ဆက်စပ်နေ သည်ကို တွေ့ရှိခဲ့ကြသည်။
"ဆည်ရေလှောင်ကန်ထဲက ပမာဏများစွာသောရေတွေဟာ အောက်ကပြတ်ရွေ့ကြောင်းအပေါ်မှာ ပြင်း ထန်လွန်းတဲ့ဖိအားကိုဖြစ်ပေါ်လာစေပြီး အက်ကြောင်း ဖြစ်နိုင်ခြေကို တိုးလာစေပါတယ်။ ဇီပင်ဖုဆည်မှာ လည်း ဒီအတိုင်းပဲဖြစ်ပေါ်ခဲ့ပါ တယ်" ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် ငလျင်နှင့်ဆက်စပ်နေသော အမည်မတပ်ရသေးသည့် ပြတ်ရွေ့ကြောင်းကြီးများသည် နိုင်ငံ၏အနောက်မြောက်ပိုင်းတွင်ရှိနေပြီး ကျန်နာမည်ကျော်ပြတ်ရွေ့များမှာ ကဘော်ပြတ်ရွေ့၊ စစ်ကိုင်း ပြတ်ရွေ့နှင့် ကျောက်ကျန်းပြတ်ရွေ့တို့ဖြစ်ကြောင်း သိရသည်။
သံလွင်မြစ်သည် ကျောက်ကျန်းပြတ်ရွေ့ပေါ်တွင်တည်ရှိနေသဖြင့် တာဆန်းဆည်၊ ဟတ်ကြီးဆည်တို့ကဲ့သို့ ပမာဏကြီးမားသည့် ရေအားလျှပ်စစ်ဆည်ကြီးများမှာ ငလျင်ဖြစ်ပေါ်လာနိုင်ခြေတိုးလာနိုင်ကြောင်း သိရသည်။
သံလွင်မြစ်အထက်ပိုင်းတွင်တည်ဆောက်မည့် တာဆန်းဆည်မှာ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၇၁၁၀ ထုတ်လုပ်မည်ဖြစ်ပြီး ဟတ်ကြီးဆည်မှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၃၆၀ ထုတ်လုပ်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း သံလွင်မြစ်ကြောင်းပေါ်တွင် မြန်မာအစိုးရက ဆည်ခြောက်ခုအထိ ဆောက်လုပ်ရန်လျာ ထားပြီး ဆည်စီမံကိန်းများပြီးစီးပါက လျှပ်စစ်သာမက ဆည်ရေကိုပါ ရေလွှဲရောင်းချမည့်စီမံကိန်းများ အကောင် အထည်ပေါ်လာနိုင်သည်ဟု ထိုင်းနိုင်ငံရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူ များအသိုင်းအ၀ိုင်းမှ သိရသည်။
သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့် ဆည်များထဲတွင် ရွာသစ်ဆည်မှာလည်း ရေအားလျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်ရန် အကြိုလျာထားသည့် ဆည်ကြီးဖြစ်သည်။
Eleven Media Group
No comments:
Post a Comment