Monday, December 01, 2014

အင်န်အယ်လ်ဒီက မြေအသုံးချမှု မူဝါဒ (မူကြမ်း) ကို ဆွေးနွေးပြီး အကြံပြုချက်များ လွှတ်တော်တင်မည်


ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရသော အမျိုးသား မြေအသုံးချမှု မူဝါဒ (မူကြမ်း) အပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ရရှိလာသော အကြံပြုချက်များကို လွှတ်တော် တွင် တင်မည်ဟု NLD တောင်သူ လယ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးညီပုက နိုဝင်ဘာ ၃၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

အမျိုးသားမြေအသုံးချမှု မူဝါဒ (မူကြမ်း) နှင့်ပတ်သက်ပြီး  NLD တောင်သူလယ် သမားရေးရာ ကော်မတီ၊ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဥပဒေပညာရှင်များက ဒီဇင်ဘာ ၄ ရက်တွင် သီးသန့်တွေ့ဆုံ မည်ဖြစ်ကာ ရရှိလာသောအချက်များကို လွှတ်တော်သို့ တင်ပြမည်ဖြစ်သည်။

ဦးညီပုက “မြေယာပြဿာနာတွေ အရင်ဆုံးဖြေရှင်းပြီးမှ အမျိုးသားမြေ အသုံးချမှုမူဝါဒမူကြမ်းကို ရေးဆွဲသင့် တယ်။ မြေယာမူဝါဒတွေ ချမှတ်ဖို့လည်း လိုအပ်တယ်။ အခုဆွေးနွေးပွဲမှာလဲ အကြံပြုချက်တွေယူသွားမယ်။ ရလာတဲ့ အကြံပြုချက်တွေကို NLD လွှတ်တော် ကိုယ်စားလှယ်တွေကတစ်ဆင့် အဆိုတင်သွင်းမှာပါ” ဟု ပြောသည်။

မူကြမ်းအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များ၊ တောင်သူ လယ်သမားသမဂ္ဂ ကိုယ်စား လှယ်များ၏ အကြံပြုချက်များ ကို ကော်မတီက ရယူမည်ဖြစ်သည်။

အဆိုပါ အမျိုးသားမြေအသုံးချမှု မူဝါဒ(မူကြမ်း) ကို ကချင်ပြည်နယ်ရှိ တောင်သူ လယ်သမားများ၊ လူထု အခြေပြုအဖွဲ့အစည်းများမှ လူဦးရေ ၁၅၀ ခန့်က နိုဝင်ဘာ ၂၈ ရက်တွင် ကန့်ကွက် ဆန္ဒပြခဲ့သေးသည်။

အဆိုပါ မူကြမ်းသည် လုပ်ငန်းရှင်ကြီးများ၏ အကျိုးအမြတ်တိုးပွားစေရန်သာ အသားပေးရေးဆွဲထားသဖြင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း၊ လယ်ယာစီးပွား တောင်သူလယ်သမား ရေးရာ ဌာနက လက်မခံကြောင်းလည်း နိုဝင်ဘာလအတွင်းက သတင်းထုတ်ပြန်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List