Wednesday, December 03, 2014

ရုရှားနှင့် အနောက်နိုင်ငံများအကြား စစ်ရေးကစားပွဲ အရေးကြီးဆုံး အဆင့်သို့ရောက်ဟု ရုရှားဆို၊ ရန်စပြုမူမှုများ ရှောင်ရှားရန် နေတိုးသတိပေး


ယူကရိန်း အရေးကိစ္စနှင့် ပတ်သက်၍ ရုရှားနှင့် ဥရောပအကြား တင်းမာမှုများ မြင့်တက်လျက် ရှိချိန်တွင် ရုရှားနိုင်ငံက ဥရောပမြောက်ပိုင်းနှင့် ဘောလတစ်ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် နေတိုးအဖွဲ့ လုပ်ဆောင်လျက် ရှိသည်ဟု ပြစ်တင်ရှုတ်ချကာ စစ်ရေးလေ့ကျင့်မှု သစ်များနှင့် စစ်မဟာဗျူဟာသစ်များ ထုတ်ဖော်မည်ဟု ကြေညာလိုက်ကြောင်း Reuters သတင်းဌာနက ရေးသား ဖော်ပြသည်။
ရုရှားနိုင်ငံသည် ဥရောပ မြောက်ပိုင်းဒေသတွင်း နေတိုး (NATO) အဖွဲ့၏ စစ်ရေး လေ့ကျင့်မှုများကို မကျေမနပ် ဖြစ်လျက်ရှိပြီး နေတိုးသည် ယူကရိန်း ကိစ္စကို အခွင့်ကောင်းယူရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲပြောဆိုထားသည်။ 

ရုရှား၏ စွပ်စွဲပြောဆိုမှုများနှင့် ပတ်သက်၍ ရုရှားသည် ဒေသတွင်း မတည်မငြိမ်မှုများ ဖြစ်ပေါ်နေအောင် လုပ်ဆောင်လျက် ရှိသည်ဟု နေတိုးအဖွဲ့က တုံ့ပြန်ပြောဆိုသည်။ 

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဖိလစ်ဟာမွန်က ရုရှားလေယာဉ်များ ဗြိတိန် လေကြောင်း ပိုင်နက်တွင်းသို့ ဝင်ရောက် ပျံသန်းကာ ကင်းထောက်နေခြင်းကို လွန်စွာ စိုးရိမ်ပူပန်မိကြောင်း ပြောဆိုပြီး အလွန်အမင်း ရန်လိုသော လုပ်ရပ်အဖြစ် သတ်မှတ်ပြောဆိုသည်။ 

“နေတိုးအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ရုရှားရဲ့ ပြုမူဆောင်ရွက်မှုတွေကို အတူတကွ တုံ့ပြန်သွားဖို့ အင်မတန် အရေးကြီးပါ တယ်။ နေတိုးအဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေ အနေနဲ့လည်း အလားတူ တုံ့ပြန်မှုတွေ လုပ်သွားဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားသည်။ 

ရုရှားနိုင်ငံက လာမည့် ၂၀၁၅ ခုနှစ်တွင် စစ်ရေး မဟာဗျူဟာ ပြောင်းလဲပြီး လေ့ကျင့်မှုများစွာ လုပ်ဆောင်သွားမည်ဟု ထုတ်ဖော် ကြေညာထားသည်။ 

နေတိုးအဖွဲ့ကလည်း ယူကရိန်းပိုင် ကရိုင်းမီးယားဒေသကို ရုရှားတို့ သိမ်းပိုက် ရယူလိုက်သည့် အချိန်မှစ၍ အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေး လုပ်ဆောင်ချက်များကို တိုးမြှင့်လိုက်ကြောင်း ကြေညာထားသည်။ 

ရုရှားနိုင်ငံက ကရိုင်းမီးယားကို ရယူပြီး ယူကရိန်း ခွဲထွက်ရေး သူပုန်များကို ကျောထောက်နောက်ခံ ပြုလျက်သလို အဆိုပါ ကရိုင်းမီးယားကို ရုရှားနိုင်ငံသစ်ဟုပင် ပြောင်းလဲခေါ်ဝေါ်လျက် ရှိသည်။ 

ယူကရိန်းကိစ္စနှင့် ပတ်သက်၍ အနောက်နိုင်ငံ မဟာမိတ်တို့သည် ဒေသတွင်း မတည်ငြိမ်အောင် ဗျူဟာ ခင်းနေသည်ဟု ရုရှားက ပြောဆိုပြီး ရုရှားနှင့် အနောက်အကြား စစ်ရေးဂိမ်းသည် အရေးပါသည့် အဆင့်သို့ ရောက်နေပြီဟု ဆိုသည်။

ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အဲလက်ဇီမက်ရှ်ကော့ဗ်က “ကမ္ဘာပေါ်မှာ အတည်ငြိမ်ဆုံး နေရာဒေသတွေကို သူတို့ (အနောက်နိုင်ငံများ) က မတည်မငြိမ် ဖြစ်အောင် လုပ်နေကြတယ်” ဟု Interfax သတင်းဌာနနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

မည်သို့ပင်ဆိုစေ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများ၏ ဒဏ်ခတ် အရေးယူမှုများကြောင့် ရုရှားအစိုးရနှင့် ဆက်နွှယ်သော စီးပွားရေး လုပ်ငန်းကြီးများမှာ များစွာအခက်တွေ့လျက် ရှိသည်။

No comments:

Post a Comment

My Blog List