Tuesday, December 02, 2014

ဒကာကြီး ဦးသန်းရွှေ၏ မဟာကုသိုလ်ကောင်းမှုတစ်ခု



လူတစ်ယောက်ဟာ ဘဝတစ်သက်တာလုံး အဆိုးချည်းတော့ ဖြစ်မနေပါဘူး။ သူတို့မှာ သူများတွေနဲ့ မတူနိုင်တဲ့သူများတွေ မလုပ်နိုင်တဲ့ ကောင်းကွက် လေးတွေလည်း ရှိနေတတ်ပါတယ်။  ဥပမာ- အင်္ဂလိပ်ခေတ်မှာ သံဃာတော်များ ပထမငယ် တန်းအောင်ရင် ၁၄ ကျပ် လှူဒါန်းပါတယ်။ ဂဠုန်ဦးစော ပညာရေးဝန်ကြီး ဖြစ်လာတော့ ပထမငယ်တန်း အောင်ရင် ၅၀ ကျပ်၊ ပထမလတ်တန်းအောင်ရင် ၇၅ ကျပ်၊ ပထမကြီးတန်း အောင်ရင် ၁၀၀ ကျပ် တိုးပြီး ဆုငွေ ချီးမြှင့်လှူဒါန်းခဲ့ပါတယ်။ အဲဒီ ၅၀၊ ၇၅၊ ၁၀၀ ကျပ်တွေဟာ ဒီဘက်ခေတ် ၈၈ နောက်ပိုင်း စစ်အစိုးရတက်စအထိ စာရေးသူတို့ ရရှိခဲ့ပါတယ်။ 
စစ်အစိုးရတက်စအထိ ဆိုတော့ ဦးစောရဲ့ တိုးမြှင့်လှူဒါန်းမှုဟာ နှစ်တော်တော် ကြာခဲ့ပါတယ်။ အစိုးရအဆက်ဆက် ဝန်ကြီးအဆက်ဆက် တိုးရကောင်းမှန်း မသိတာကလည်း အံ့သြစရာပါပဲ။ သမိုင်းမှာ မကောင်းခဲ့တဲ့ လူတစ်ယောက် ဖြစ်ပေမယ့် ကောင်းတဲ့ သမိုင်းတစ်ကွက်ကိုတော့ ချေဖျက်လို့ မရပါဘူး။

မြန်မာ့သမိုင်းရာဇဝင်မှာ စစ်အာဏာသိမ်း ခေါင်းဆောင် စစ်အာဏာရှင် နှစ်ယောက်အဖြစ် ဒကာကြီး ဦးနေဝင်းနဲ့ ဒကာကြီး ဦးသန်းရွှေကို “သမိုင်းတရားခံ” အဖြစ် မှတ်တမ်းတင်ထားကြပါတယ်။ အာဏာရှင်နှစ်ယောက် အတွက်သာမကဘဲ အာဏာရှင် နှစ်ယောက်ရဲ့ သားစဉ်မြေးဆက် အဆက်ဆက် မျက်နှာငယ်ရတော့မှာပါ။

ဦးနေဝင်းကတော့ ကွယ်လွန်သွားပြီဆိုတော့ သမိုင်းဆိုးကို ပါးအောင် ပြုလုပ်ခွင့် မရှိတော့ပါဘူး။ သေသွားပြီ ဆိုရင်တော့ ဘာမှလုပ်လို့ မရတော့တာကတော့ သဘာဝတစ်ခုပါပဲ။ အာဏာရှင် နှစ်ယောက်က ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လို့ ဗုဒ္ဓဘာသာရဲ့ ကံနဲ့ ကံရဲ့ အကျိုးကို ကောင်းကောင်းသိပြီး ဖြစ်လို့ “နောင်တ သံဝေဂ” အတွေးတစ်ချက်ချက်တော့ အခါအားလျော်စွာ ဝင်မယ်လို့ ထင်ပါတယ်။

ဒီနေရာမှာ ဦးနေဝင်းနဲ့ ပတ်သက်ပြီး အမှတ်ရတာလေးတစ်ခု ရှိပါတယ်။ ၈၈ စစ်တပ်က အာဏာသိမ်းပြီး ဦးနေဝင်းလည်း အာဏာသက်ရောက်မှု ရှိနေတုန်းက စစ်ရုံးကို ဦးနေဝင်း ရောက်လာပါတယ်။ အဲဒီအချိန်က ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာအုပ်ကလေးကို အုပ်ပေါင်းများစွာ ရိုက်နှိပ်လှူဒါန်းနေတဲ့ အချိန်ပါ။

ဦးပဉ္စင်းတချို့က စာအမှားအမှန်အတွက် စစ်ရုံးကို ကိုယ်တိုင်ကြွရောက်ပြီး ပြင်ပေးနေရပါတယ်။ ဦးနေဝင်းက စာပြင်ပေးနေတဲ့ ဦးပဉ္စင်းတွေ ရှိရာကို လာပြီး “ဆရာတော်တို့ ဒီစာသားလေး စာအုပ်ရှေ့မှာ ထည့်ပေးစေချင်ပါတယ် ဘုရား” ဆိုပြီး လာပေးပါသတဲ့။ စာသားက “နာတာရှိရင် လွမ်းတာလေးနဲ့ ဖြေရတယ်” တဲ့။

အားလုံးကြားဖူးနေတာက “လွမ်းတာရှိရင် နာတာလေးနဲ့ ဖြေပါ”။ ဦးနေဝင်းကတော့ ပြောင်းပြန်လှန်ပြီး ထည့်စေခဲ့ပါတယ်။ အဲဒီအချိန်မှာ တစ်တိုင်းပြည်လုံးက သူ့ကို နာနေကြတာပါ။ ဒါသူ့ရဲ့ ခံစားချက်လေးလို့ ပြောလို့ရပါတယ်။ စာပြင်တဲ့ ဦးပဉ္စင်းတွေထဲ မှာပါခဲ့တဲ့ ဦးပဉ္စင်းတစ်ပါးက ပြောပြလို့ သိရတာပါ။

ဒကာကြီး ဦးသန်းရွှေကတော့ သက်ရှိထင်ရှား ရှိနေသေးတဲ့အတွက် သံသရာအတွက်၊ သမိုင်းအတွက် စဉ်းစားပြီး အကုသိုလ်ပါးအောင်၊ သမိုင်းဆိုး ပါးအောင် လုပ်ဆောင်ဖို့ အခွင့်အရေး ရှိနေပါသေးတယ်။ အဓိကကတော့ ဒကာကြီး ဦးသန်းရွှေရဲ့ သန္တာန်မှာ ကုသိုလ်စိတ်ကလေး တစ်ချက် ဝင်လိုက်ဖို့ပါပဲ။

ကုသိုလ်စိတ်ကလေး ဝင်ပြီး “မင်းတို့ ဒါလေးတွေတော့ ပြင်ပေးလိုက်ကြကွာ” လို့ တစ်ခွန်းပြောလိုက်တာနဲ့ လေးပွင့်ဆိုင် ကော ခြောက်ပွင့်ဆိုင်ကော တွေ့စရာ မလိုတော့ပါဘူး။ အခြေခံဥပဒေ ပြင်ဆင်ရေး လက်မှတ် ၅ သန်းတွေ၊ ၁၀ သန်းတွေလည်း ကောက်စရာ မလိုတော့ပါဘူး။

ဒါဆို သံသရာ အတွက်လည်း “ကောင်း”၊ သမိုင်းအတွက်လည်း “ကောင်း” သွားပါလိမ့်မယ်။ ဒကာကြီး ဦးသန်းရွှေအတွက် သမိုင်းဝင် မဟာကုသိုလ် ကောင်းမှုကြီး တစ်ခုလည်း ဖြစ်သွားပါလိမ့်မယ်။

တစ်ခုတော့ ရှိပါတယ်။ ဒကာကြီး ဦးသန်းရွှေ စိုးရိမ်နေတဲ့ စိုးရိမ်မှုကိုတော့ အတိုက်အခံ အင်အားစုက တာဝန်ယူရပါမယ်။ အထူးသဖြင့် ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူရပါမယ်။ ဒါလည်း အထူးပြောစရာ မလိုပါဘူး။

ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခါအားလျော်စွာ ပြောနေတာ ပါပဲ။

တကယ်တမ်း တည့်တည့်ပြောရရင်တော့ ဒကာကြီး ဦးသန်းရွှေရဲ့ စိုးရိမ်မှု လုံခြုံရေးကို တကယ် တာဝန်ယူနိုင်တာက ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ပဲ ရှိပါတယ်။

တကယ်တမ်း တွေ့သင့်တာက လေးပွင့်ဆိုင် ခြောက်ပွင့်ဆိုင် မဟုတ်ပါဘူး။ နှစ်ပွင့်ဆိုင်ပါ။ ဒကာကြီး ဦးသန်းရွှေနဲ့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် နှစ်ပွင့်ဆိုင် တွေ့လိုက်ရင် အားလုံး ပွဲသိမ်းသွားပါပြီ။

မြန်မာနိုင်ငံ အနာဂတ်အရေးအတွက် ဒကာကြီး ဦးသန်းရွှေရဲ့ သမိုင်းဝင် မဟာကုသိုလ်ကောင်းမှုသစ်ကို မျှော်လင့်ကြိုဆို လျက် မေတ္တာစကား ဝေမျှလိုက်ရပါတယ်။

The Voice Weekly

No comments:

Post a Comment

My Blog List