Wednesday, December 03, 2014

ဒေးဗစ်ထောပညာသင်ဆု နော်ဝေနိုင်ငံက မတည်ပေးအပ်မည်


ကွယ်လွန်သူ ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဖဒိုဒေးဗစ်ထောကို ဂုဏ်ပြုသော အားဖြင့် မြန်မာလူငယ်များအတွက် ဒေးဗစ်ထော ပညာသင်ဆုကို နော်ဝေနိုင်ငံက မတည်ပေးအပ် သွား မည် ဖြစ်ကြောင်း နော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ်ဘုရင်က ကြေညာလိုက်သည်။

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသော နော်ဝေဘုရင်က ဒီဇင်ဘာလ ၂ ရက်နေ့၌ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ မိန့်ခွန်း ပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများအတွက် နော်ဝေနိုင်ငံက ထောက်ပံ့မည့် ပညာသင်ဆုအတွက် ရန်ပုံငွေ မတည်ထားပြီး ယင်းရန်ပုံငွေကို ဒေးဗစ်ထော ပညာသင်ဆု ခေါင်းစဉ်ဖြင့် ပညာသင်ဆုများ ပေးအပ်မည် ဖြစ်ကြောင်း ပဉ္စမမြောက် ဟာရယ်ဘုရင်က ပြောကြားသည်။

“ဒေးဗစ်ထောလို ငြိမ်းချမ်းရေး လိုလားပြီး ငြိမ်းချမ်းရေးအတွက် အစဉ်တစိုက် ကြိုးစားအားထုတ်ဖို့ ဆုံးဖြတ် ချက် ချထားတဲ့ မည်သည့် ကျောင်းသား ကျောင်းသူမဆို ဒီပညာသင်ဆုကို လျှောက်ထားနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ပညာသင်ဆုဖြင့် သမိုင်းနှင့် လူမှုဆိုင်ရာ ဘာသာရပ်များကို ဝိဇ္ဇာတန်း၊ မဟာဝိဇ္ဇာတန်းများအထိ တက်ရောက် သင်ကြားနိုင်မည် ဖြစ်ကြောင်း ပဉ္စမမြောက် ဟာရယ်ဘုရင်က ထပ်လောင်း ပြောဆိုသည်။

KNU ခေါင်းဆောင် ဖဒိုဒေးဗစ်ထောမှာ အစိုးရနှင့် KNU တို့အကြား နှစ်ပေါင်း ခြောက်ဆယ်ကျော်အတွင်း ပထမဆုံး သမိုင်းဝင် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရာတွင် အဓိက ပါဝင်ကြိုးပမ်းခဲ့သူ တစ်ဦးဖြစ်ပြီး KNU ၏ ဗဟိုတရားရေး တာဝန်ခံအဖြစ် တာဝန်ယူခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဇာတိဖွားဖြစ်သူ ဖဒိုဒေးဗစ်ထောမှာ ရန်ကုန် တက္ကသိုလ်မှ သမိုင်းဘာသာ ရပ်ဖြင့် ဝိဇ္ဇာဘွဲ့ရရှိခဲ့သူ တစ်ဦးဖြစ်ပြီး အသက် ၆၅ နှစ်အရွယ် ကွယ်လွန်ချိန်၌ KNU ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၌ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List