Wednesday, December 03, 2014

မဟာမိတ် မြောက်ကိုရီးယား အတွက် စစ်တိုက်ပေးမည် မဟုတ်ဟု တရုတ် ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦး ပြော


မြောက်ကိုရီးယားအစိုးရသည် အကျပ်အတည်းများနှင့် ရင်ဆိုင်နေရခြင်း သို့မဟုတ် စစ်ပွဲတစ်ခုကို စတင် တိုက်ခိုက် လာမည်ဆိုလျင် တရုတ်နိုင်ငံ အနေဖြင့် ယင်း၏အိမ်နီးချင်း မဟာမိတ်နိုင်ငံကို ကယ်တင်ရန် ကြားဝင်ပေး သွားမည် မဟုတ်ဟု တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မှ အငြိမ်းစား ဗိုလ်ချုပ်ကြီးတစ်ဦးက ပြောကြားလိုက်သည်။ ယင်းပြောကြား မှုသည် ပေကျင်းအစိုးရက နျူးကလီးယား လက်နက် တပ်ဆင်မှုများ ရှိနေသည့် အိမ်နီးချင်း နိုင်ငံအပေါ် စိတ်ရှည်သည်းခံနိုင်မှု လျော့ပါးလာနေသည့် လက္ခဏာလည်း ဖြစ်နိုင် သည်ဟု သုံသပ်မှုများ ရှိနေသည်။

“တရုတ်နိုင်ငံက ကယ်တင်ရှင်နိုင်ငံ မဟုတ်ပါဘူး” ဟု နန်ကျင်းစစ်ဒေသ ဒုတပ်မှူးဟောင်း ဖြစ်သည့် ၀မ် ဟုန်ကွမ်းက တရုတ်ကွန်မြူနစ်ပါတီနှင့် နီးစပ်သည့် ဂလိုဘယ်တိုင်းမ်သတင်းဌာနသို့ စာဖြင့် ရေးသားပြော ကြားခဲ့သည်။

 “မြောက်ကိုရီးယားက တကယ့်ကို ပြိုလဲနေပြီ ဆိုရင်တောင်မှ တရုတ်နိုင်ငံက ကယ်တင်နိုင်မှာမဟုတ်ပါ ဘူး” ဟု ၎င်းကပြောကြားသည်။ ၀မ်သည် ယခင်ကလည်း မြောက်ကိုရီးယား နိုင်ငံအပေါ် အဓိကကျသည့် မှတ်ချက်ပြုပြောကြားခြင်းများ ပြုလုပ်ထားပြီး ယခုကဲ့သို့ ၎င်း၏ ပြောကြား မှုသည် ပြုံးယမ်း အစိုးရနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ မူဝါဒ အပြောင်းအလဲတစ်ခုကို ရည်ညွှန်းခြင်း ရှိ၊မရှိကို မသိရပေ။ တရုတ်နိုင်ငံ သည် ကမ္ဘာ့အလယ်တွင် အထီးကျန်နေသော အိမ်နီးချင်း မြောက်ကိုရီးယား၏ မဟာမိတ်နိုင်ငံဖြစ်ပြီး ယခင်ကာလများ ကတည်း က အကူအညီပေးနေခဲ့သော နိုင်ငံလည်းဖြစ်သည်။

“တရုတ်နိုင်ငံက ကိုရီးယား ကျွန်းဆွယ်မှာ ဖြစ်နေတဲ့ အခြေအနေတွေမှာ ၀င်ရောက်စွက်ဖက်လို့ မရနိုင် ပါဘူး၊ ဒါ့အပြင် တရုတ်နိုင်ငံက ပစ်ခတ် တိုက်ခိုက်ဖို့ မလိုပါဘူး။ ပြဿနာတစ်ခုကို မီးမွှေးတဲ့ ဘယ်သူမဆို တာဝန်ခံရမှာပါပဲ” ဟု ၀မ်က ရေးသားခဲ့သည်။

“အခုဆိုရင် ဆိုရှယ်လစ်ဝါဒီ စခန်းတွေလည်း အများကြီး မရှိတော့ပါဘူး၊ တရုတ်နိုင်ငံရဲ့ လူငယ်မျိုးဆက်တွေ အနေနဲ့ အခြားနိုင်ငံ တစ်နိုင်ငံ အတွက်နဲ့ စစ်တိုက်ပေးဖို့ မလိုအပ်ပါဘူး” ဟုလည်း ၎င်းက ရေးသားခဲ့ သည်။ “တရုတ်နိုင်ငံအနေနဲ့ ကူညီ ထောက်ပံ့ပေးသင့်တဲ့ သူကို ထောက်ပံ့ပေးမှာ ဖြစ်ပြီး ဆန့်ကျင်သင့်တဲ့ သူကိုလည်း ဆန့်ကျင်ရမှာပဲလေ” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံကို မျက်နှာချိုသွေး ဆက်ဆံသွားမည်မဟုတ်သလို စွန့်ခွာသွားမည်လည်း မဟုတ်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ “ ဒါဟာ တရုတ်ရဲ့ အခြေခံ ရပ်တည်ချက်ဖြစ်သင့်ပါတယ်” ဟု ၎င်းကပြောသည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List