Tuesday, December 02, 2014

ဟိန္ဒူဘုရားကျောင်း ပြဿနာ ဖြေရှင်းပေးရန် လှိုင်မြို့နယ် တရားသူကြီးကိုဆန္ဒပြ



လှိုင်မြို့နယ်၊ ဘူတာရုံလမ်း၊ ကာလီမန်မယ်တော်ကြီး ဘုရားကျောင်း ပိုင်ပစ္စည်းများ အလွဲသုံးစားမှုကို မှန်ကန်စွာ တရား စီရင်ပေးရန် ဘုရားကျောင်း ဂေါပက အဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူ ၅၀ ခန့်က ဒီဇင်ဘာလ ၁ ရက်တွင် ကျိုက္ကဆံ ဟစ်တိုင်ကွင်း၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယခင်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ၏ ဘုရားကျောင်းပိုင် ငွေကျပ်သိန်းပေါင်းသောင်းချီ အလွဲသုံးစားပြုမှုကို လှိုင်မြို့နယ်တရားရုံးက ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်က အမှုပိတ်သိမ်းလိုက်သည်ကို မကျေနပ်သောကြောင့် ဆန္ဒပြခြင်းဖြစ်သည်ဟု ဆန္ဒပြခေါင်းဆောင် ကိုမြင့်စိုးက ဆိုသည်။

ဘုရားကျောင်းပိုင် တိုက် ၇လုံး၊ အခန်းပေါင်း ၂၆၅ခန်း၊ ဘုရားကျောင်းပိုင် ရွှေ ၂၅ ကျပ်သား၊ လူနေ ဆိုင်ခန်း ၅၆ ခန်းတို့ကို ယခင်ဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းစိုးက အလွဲသုံးစားပြုလုပ်သဖြင့် ၂၀၁၂ ဒီဇင်ဘာလ ၁၈ ရက်တွင် တရားစွဲဆိုခဲ့ပြီး လှိုင်မြို့နယ်တရားရုံးက ဦးသန်းစိုးကို အများပိုင်ပစ္စည်း အလွဲသုံးစားမှု ပုဒ်မ ၄၀၉ ဖြင့် အရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ကိုမြင့်စိုးက ပြောသည်။

"တရားရုံးချိန်းကို ဦးသန်းစိုးတစ်ကြိမ်မှ လာရောက်ခြင်းမရှိပါဘူး။ အဲဒီလို လာရောက်ဖြေရှင်းခြင်းမရှိဘဲ လှိုင်မြို့နယ်တရား သူကြီး ဦးစိန်ကြည်က အမှုပိတ်တဲ့စီရင်ချက်အမိန့်ကို အောက်တိုဘာ ၂၁ရက်က ချမှတ်လိုက်ပါတယ်။ ဒီကိစ္စက လုံးဝ မတရားတဲ့အတွက် အခုလို ဆန္ဒပြရတာဖြစ်ပါတယ်" ဟု လက်ရှိ ဘုရားကျောင်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းက ရှင်းလင်းသည်။

ဆန္ဒထုတ်ဖော်ပွဲနှင့်ပတ်သက်၍ လှိုင်မြို့နယ်တရားရုံး အမှုစစ်တရားသူကြီး ဦးစိန်ကြည်က "ကျွန်တော် မှန်မှန်ကန်ကန် ဆုံးဖြတ်ခဲ့ တာ ဖြစ်ပါတယ်။ နည်းလမ်းအမှန်က ကျွန်တော့်ဆုံးဖြတ်ချက်ကို သဘောမတူရင် ခရိုင်အဆင့်၊ တိုင်းအဆင့်ကို သူတို့ဆက်တက်ရမှာ ဖြစ် ပါတယ်" ဟု မဇ္ဈိမကိုပြန်လည် ဖြေကြားထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List