Friday, December 05, 2014

လစ်ဗျားတွင် အိုင်အက်စ်က စစ်သင်တန်းများ ဖွင့်လှစ်ထားဟု အမေရိကန် ဗိုလ်ချုပ် ပြောကြား



ဝါရှင်တန်၊ဒီဇင်ဘာ ၄။ အီရတ် နှင့် ဆီးရီးယား နိုင်ငံတို့တွင် နယ်မြေ အများအပြား သိမ်းပိုက်ထား နိုင်လျက်ရှိသော အစ္စလာမ္မစ် ပြည်ထောင်စု အဖွဲ့သည် လစ်ဗျား အရှေ့ပိုင်းတွင် စစ်သင်တန်းများ ဖွင့်လှစ် ထားခြင်းကို သေချာစောင့်ကြည့် လေ့လာလျက် ရှိကြောင်း အမေရိကန် ထိပ်တန်း စစ်ဗိုလ်ချုပ် တစ်ဦးက ဒီဇင်ဘာလ ၃ရက်တွင် ပြောကြားခဲ့သည်။
လစ်ဗျားနိုင်ငံ၏ နိုင်ငံရေး အခြေအနေ မတည်မငြိမ် ဖြစ်နေခြင်းကြောင့် အစွန်းရောက်များ ခြေကုပ်ရသွားမည်ကို အနောက်နိုင်ငံများ ပိုမိုစိုးရိမ်လာကြလျက် ရှိကြောင်း သိရသည်။

"လစ်ဗျားအရှေ့ပိုင်းမှာ စစ်သင်တန်းတွေ အိုင်အက်စ်အဖွဲ့က တည်ထောင်နေကြပါတယ်" ဟု အမေရိကန်နိုင်ငံ၏ အာဖရိကစစ်ဌာနချုပ် အကြီးအကဲ ရော့ဒရီဂတ်ဇ်က သတင်းထောက်များအား ပြောကြားခဲ့သည်။ လစ်ဗျားရှိ အိုင်အက်စ် အဖွဲ့၏ လှုပ်ရှားမှုများမှာ အလွန်သေး ငယ်ကြောင်း နှင့် အခြေတည်စသာ ရှိသေးကြောင်းလည်း ၎င်းက ပြောခဲ့သည်။

လစ်ဗျားရှိ အိုင်အက်စ် စစ်စခန်းများတွင် စစ်သွေးကြွ ရာဂဏန်းအနည်းငယ် ဝန်းကျင် ရှိနေကြောင်း နှင့် အင်အားတိုးချဲ့ခြင်း ရှိမရှိ သိရှိရန် ထိုဒေသကို အမေရိကန်တပ်ဖွဲ့များက ဆက်လက်၍ သေသေချာချာ စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးက ဆိုသည်။ အီရတ် နှင့် ဆီးရီးယားရှိ IS အဖွဲ့၏ စစ်စခန်းများကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသော်လည်း၊ လစ်ဗျားရှိ စစ်သင်တန်း စခန်းများမှာ အမေရိကန်၏ ပစ်မှတ် ဖြစ်လာဖွယ်ရှိမရှိ မေးမြန်းခဲ့ရာ ဗိုလ်ချုပ်ကြီး ရော့ဒရီဂတ်ဇ် က "မရှိသေးပါဘူး။ လတ်တလောကာလမှာ အစီအစဉ်မရှိသေးပါဘူး" ဟု ပြန်ဖြေခဲ့သည်။

"အိုင်အက်စ် အဖွဲ့ဟာ အရှေ့ပိုင်းမှာ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို စတင်နေပြီးတော့ အဲဒီမှာရှိတဲ့ လူတချို့ကို စတင်သင် တန်းပေးနေပါတယ်" ဟု သူက ဆိုသည်။ "အဲဒီမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာနဲ့ သူတို့ အင်အားကြီး ထွားလာခြင်း ရှိမရှိ သိရအောင် အနာဂတ်မှာ ကျွန်တော်တို့ ဆက်ပြီးတော့ သေချာ စောင့်ကြည့်သွားရမှာပါ" ဟုလည်း သူက ပြောခဲ့သည်။

လစ်ဗျားရှိ အိုင်အက်စ် စစ်သွေးကြွများမှာ လစ်ဗျားနိုင်ငံအပြင်ဘက်မှ ဝင်ရောက်လာကြသော သူများမဟုတ်ကြဘဲ၊ အခြားလက်နက်ကိုင် အဖွဲ့များမှနေ၍ အိုင်အက်စ် အဖွဲ့သို့ ပြောင်းလဲသစ္စာခံလာကြသူများ ဖြစ်ဟန်ရှိကြောင်းလည်း ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီးက ဆိုခဲ့သည်။

လစ်ဗျားတွင် အကြမ်းဖက်မှု နှင့် မတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် အမေရိကန် အစိုးရ နှင့် ဥရောပ မဟာမိတ်များက အလွန်စိုးရိမ်ကြောင်း ပြောကြားခဲ့အပြီးတွင် အမေရိကန် ထိပ်တန်းစစ်ဗိုလ်ချုပ်၏ ပြောကြားချက်များ ထွက်ပေါ်လာခဲ့ခြင်း လည်း ဖြစ်သည်။

မြောက်အာဖရိက နိုင်ငံတစ်ခုဖြစ်သည့် လစ်ဗျားတွင် အခြေအနေများ အကြီးအကျယ် ပရမ်းပတာ ဖြစ်နေခြင်းကို IS အဖွဲ့က အသုံးချ၍ အရှေ့ပိုင်းရှိ ဒါနာ မြို့တွင် ခြေကုပ်တစ်ခု ရယူထားကြောင်း ကျွမ်းကျင်သူများက သတိပေးထားကြသည်။

လစ်ဗျားနိုင်ငံတွင် ၂၀၁၁ ခုနှစ်၌ အာဏာရှင် ကဒါဖီ ရာထူးအာဏာမှ ပြုတ်ကျသွားပြီးနောက်ပိုင်း အခြေအနေများ မတည် မငြိမ် ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်ကာ၊ လစ်ဗျားနိုင်ငံအတွင်းရှိ စစ်သွေးကြွများက အိုင်အက်စ် အဖွဲ့ထံ သစ္စာခံမည်ဖြစ်ကြောင်း ကတိကဝတ်များ ရရှိထားသည်ဟုလည်း အိုင်အက်စ် အဖွဲ့ခေါင်းဆောင် အဘူဘာကာဘာဒါဒီက မကြာသေးမီက ပြောကြားခဲ့သည်။

ဒါနာမြို့ရှိ လက်နက်ကိုင်အုပ်စု အချို့ကလည်း အိုင်အက်စ် အဖွဲ့ကို သစ္စာခံမည် ဖြစ်ကြောင်း ကတိကဝတ်ပြုထားကြသော် လည်း အိုင်အက်စ် အဖွဲ့အနေဖြင့် လစ်ဗျားလက်နက်ကိုင်များ၏ ထောက်ခံမှု မည်ရွေ့မည်မျှ ရရှိထားကြောင်းကို ရှင်းလင်းစွာ မသိရှိရသေး ဟု လေ့လာသူများက ဆိုကြသည်။

Ref: AFP
Mizzima - News in Burmese

No comments:

Post a Comment

My Blog List