Thursday, December 04, 2014

မြစ်ကြီးနား မနောပွဲ မသေချာသော်လည်း ထိုင်းရောက်ကချင်များ၏ မနောပွဲစပြီ


ကချင်ပြည်နယ်အတွင်း စစ်ပွဲများကြောင့် ကချင်ရိုးရာ မနောပွဲကို ကျင်းပရန် မသေချာသော်လည်း ထိုင်းနိုင် ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်၊ ချင်းတောင်းမြို့နယ် ဘန်းမိုင်ဆာပခီကျေးရွာရှိ ကချင်တိုင်းရင်းသားများက ၆ ကြိမ်မြောက် Wunli hkridip ကချင်မနောပွဲကို ဒီဇင်ဘာ ၄ ရက်တွင် စတင် ကျင်းပနေပြီ ဖြစ်သည်။

ဒီဇင်ဘာ ၄ ရက် နံနက်က ထိုင်းဘုရင် အဒူယာဒက်၏ ဒီဇင်ဘာ ၅ ရက်တွင် ကျရောက်မည့် ၈၇ နှစ်ပြည့် မွေးနေ့အတွက် ထိုင်းစစ်တပ် ဦးဆောင်ကာ ဂုဏ်ပြုပွဲ အခမ်းအနားအပြီး ကချင်မနောပွဲကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

“ဒီနှစ်က ထိုင်းဘုရင်ကလည်း ကျန်းမာရေးမကောင်းဘူး။ ဒါကြောင့် ကျွန်တော်တို့ ကချင်တွေကို နေထိုင် ခွင့်ပေးတဲ့ ထိုင်းဘုရင် အသက်ရှည် ပါစေ၊ ကျန်းမာရေး ကောင်းမွန်ပါစေဆိုတာရယ်၊ ထိုင်းနိုင်ငံရေးက လည်း တည်ငြိမ်မှု မရှိသေးလို့ တည်ငြိမ်အေးချမ်းလာဖို့၊ နိုင်ငံ တကာရောက်နေတဲ့ ကချင်တိုင်းရင်းသားတွေ ဆုံဆည်းနိုင်ဖို့၊ တန်ဖိုးရှိတဲ့ မနောပွဲကို နိုင်ငံတကာ သိရှိလာအောင်ဆိုပြီး ကျင်းပတာ ဖြစ်တယ်” ဟု မနောပွဲ ဖြစ်မြောက်ရေးကော်မတီမှ ဥက္ကဌ ဦးခေါင်ဟောင်းက မဇ္ဈိမကို ပြောသည်။

ဒီဇင်ဘာ ၅ရက်တွင် ထိုင်းဘုရင်၏ ၈၇နှစ်ပြည့် မွေးနေ့ပွဲကို ဂုဏ်ပြုကာ ကချင်ထောင်ကာအကပြိုင်ပွဲများ ပြုလုပ်ပြီး ညပိုင်းတွင် လူမျိုးစုအလိုက် မိမိတို့ရိုးရာယဉ်ကျေးမှု အကများဖြင့် တင်ဆက်ကပြခြင်း၊ ထိုင်းအစိုးရ စစ်တပ်မှ ဖျော်ေရြေးအဖွဲ့မှ ကပြဖျော်ဖြေခြင်း များ ပြုလုပ်မည်ဖြစ်သည်။ ဒီဇင်ဘာ ၆ရက်တွင် နိုင်ငံတကာ ရောက် ကချင်ရိုးရာ ယဉ်ကျေးမှု ကိုယ်စားလှယ်များက အစည်းအဝေးပြုလုပ်ပြီး ညပိုင်းတွင် အကများဖြင့် ဆက်လက်ဖျော်ဖြေမည်ဖြစ်သည်။

ဒီဇင်ဘာ ၇ရက်တွင် ကနောပွဲ တက်ရောက်သူများက တိုင်းပြည်ငြိမ်းချမ်းရေး၊ ကျဆုံးသွားသည့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) မှ ရဲဘော်များ၊ ရှေ့တန်းမှ ရဲဘော်များအတွက် ဆုတောင်းပွဲများ ပြုလုပ်မည်ဟု ဦးခေါင်ဟောင်းက ပြောသည်။

ထိုင်းနိုင်ငံရောက် ကချင်များက မနောပွဲကို ကျင်းပသော်လည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မနောကွင်း တွင်မူ ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် မနောပွဲ မကျင်းပရန် ကချင်ဒေသခံများက ကန့်ကွက်ထား သည်။ ၂၀၁၄ခုနှစ်တွင် ကချင်ရိုးရာ မနောပွဲကို ကျင်းပရန် ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံမြို့မိမြို့ဖများက စီစဉ်နေသော်လည်း ဒေသခံ တစ်သောင်းနီးပါးက ဝန်ကြီးချုပ်က ကန့်ကွက်စာတင်ရန် စီစဉ်မှုများလည်း ရှိခဲ့သည်။

ကချင်ပြည်နယ်၏ အထင်ကရပွဲတော်ဖြစ်သည့် မနောပွဲကို ကချင်တကျော့ပြန် စစ်ပွဲများကြောင့် ရပ်နားထား ခဲ့ရာမှ ပြန်လည် ကျင်းပနိုင်ရေးအတွက် ကချင်ပြည် နယ်အစိုးရက ဦးဆောင်စီစဉ်ခြင်း ဖြစ်သည်။

" ပြည်တွင်းမှာ ဒုက္ခသည်တွေအတွက် ကျနော်တို့လည်း စိတ်မကောင်း ဖြစ်နေပါတယ်။ ငြိမ်းချမ်းရေး မရသေးလို့ မြစ်ကြီးနားမှာ မနောပွဲလုပ်မယ်ဆိုတာကို ကျွန်တော်တို့လည်း မလုပ်ခိုင်းစေချင်ဘူး။ ဥပမာ ကိုယ့်ရိုးရာကို တခြားလူမျိုးတွေက မနောပွဲလုပ်ပါဆိုပြီး ခိုင်းတာကိုတော့ ကျွန်တော်တို့ရဲ့ တန်ဖိုးကြီးတဲ့ ရိုးရာကို ငွေကြေးနဲ့ လဲလိုက်သလို ဖြစ်လာတယ်။ ဒါကြောင့် မြစ်ကြီးနားက မနောပွဲ လုပ်ဖို့ ဒီမှာရောက်နေ တဲ့ ကျွန်တော်တို့လည်း အားမပေးချင်ဘူး” ဟု ထိုင်းနိုင်ငံ ချင်းတောင်းမြို့နယ် ဘန်းမိုင် ဆာပခီကျေးရွာမှ မနောပွဲ ဖြစ်မြောက်ရေးကော်မတီမှ ဥက္ကဌ ဦးခေါင်ဟောင်းက မဇ္ဈိမကို ပြောသည်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင် ဒေါ်ခွန်ဂျာကလည်း “ကချင်လူမျိုးတွေကို ဒုက္ခသည်စခန်းရောက်အောင် ဒုက္ခရောက်အောင် လုပ်ထားပြီးမှ ပြည်နယ်အစိုးရက ကချင်လူမျိုးပိုင်တဲ့ မနောကွင်းမှာ ကချင်လူမျိုးပိုင်တဲ့ အကကို ကနေတယ်ဆိုတာ စော်ကားရာရောက် ပါတယ်” ဟု မဇ္ဈိမကို ပြောထားဖူးသည်။

ကချင်ပြည်နယ်တွင် ၂၀၁၀ ခုနှစ်က နောက်အဆုံး အကြိမ်ကျင်းပခဲ့ပြီး တစ်ကျော့ပြန် ကချင်စစ်ပွဲများကြောင့် မနောပွဲ မကျင်းပနိုင်သေးဘဲ ဖြစ်နေရသည်။

ထိုင်းဘုရင်၏ မွေးနေ့ကို ဂုဏ်ပြုသည့် အနေဖြင့် ထိုင်းနိုင်ငံရောက် ကချင်များက မနောပွဲကို ၂၀၁၂ခုနှစ်မှ စတင်၍ နှစ်နှစ်တစ်ကြိမ် ကျင်းပလာသည်မှာ ၆ကြိမ်မြောက် ရှိပြီဖြစ်ပြီး ယခုနှစ်တွင် မြန်မာ၊ တရုတ်၊ အန္ဒိယ၊ ဂျပန်နှင့် ထိုင်းရောက် ကချင်တိုင်းရင်းသားများ အပါအဝင် တိုင်းရင်းသား ၂၀၀၀န့် တက်ရောက် ဆင်နွဲမည်ဟု ခန့်မှန်းထားသည်။ ကချင်မနောပွဲကို ဒီဇင်ဘာ ၄ရက်မှ ၇ရက်အထိ လေးရက်ကြာ ပြုလုပ် မည်ဖြစ်သည်။

မနောပွဲတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ကချင်အမျိုးသားအစည်း အရုံး KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော်နှင့် ဒုဥက္ကဋ္ဌ ဦးအင်ဆန်တူးအောင် တို့လည်း တက်ရောက်ခဲ့သည်။

ထိုင်းဘုရင်က ဘန်းမိုင် ဆာမခီကျေးရွာတွင် ကချင်တိုင်းရင်းသားများကို နေထိုင်ခွင့်ပြုခဲ့သည်မှာ နှစ်ပေါင်း ၃၂ နှစ်ရှိခဲ့ပြီ ဖြစ်ပြီး လက်ရှိ အိမ်ခြေပေါင်း ၁၂၀ ကျော်ရှိပြီး ဂျိန်းဖော၊ လီဆူ၊ လောင်ဝေါ်၊ ရဝမ်၊ လချိတ်၊ အဇီး(ဇိုင်ဝါး) စသည့် ကချင်မျိုးနွယ်စုများ နေထိုင်နေခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List