Tuesday, December 02, 2014

ဘတ်စ်ကား သီးသန့်လမ်းကြောင်း အန္တရာယ်များတယ်လို့ မ.ထ.သ - ဗဟို ဒုတိယ ဥက္ကဋ္ဌ ဝေဖန်


ရန်ကုန်မြို့တော်ရဲ့ အဓိက လမ်းမကြီးတွေမှာ ဘတ်စ်ကား သီးသန့် လမ်းကြောင်း သတ်မှတ်ဖို့ ကွန်ကရစ် တုံးတွေ ချထားတာဟာ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေအတွက် အန္တရာယ်များတယ်လို့ မ.ထ.သ- ဗဟို ဒုတိယ ဥက္ကဋ္ဌက ပြောပါတယ်။ နိုင်ငံဘဏ္ဍာငွေကို ဖြုန်းတီးချင်လို့ အခုလို စီစဉ်ရတာလား။ ယာဉ်ကြော ပိတ်ဆို့မှုကိုရော ဖြေရှင်းနိုင်ပါ့မလား။

ဘတ်စ်ကား သီးသန့်လမ်းကြောင်း သတ်မှတ်ဖို့ ကွန်ကရစ်တုံးများ ချထားတဲ့အတွက် နိုင်ငံဘဏ္ဍာငွေတွေ လည်း များစွာဆုံးရှုံးတယ်လို့ မော်တော်ယာဉ် လုပ်ငန်းပေါင်စုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ (မ.ထ.သ-ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဦးလှသောင်းမြင့်က ဝေဖန်တာပါ။

“ကွန်ကရစ်တုံးတွေ ချလိုက်တော့ လမ်းက တစ်ဖက် တစ်ပေစီလောက် ကျဉ်းသွားတယ်။ မြို့တော်အင်္ဂါရပ် နဲ့လည်း မညီညွှတ်ဘူး။ လမ်းက ကျဉ်းသွားတော့ ယာဉ်ကြောက ပိုကြပ်တယ်။ အတုံးတွေကြောင့် ယာဉ် မတော်တဆမှုတွေလည်း ဖြစ်လာနိုင်တယ်”လို့ သူက ဆိုပါတယ်။

ကွန်ကရစ်တုံးတွေ ချထားတဲ့ ဘတ်စ်ကား သီးသန့်လမ်းကြောင်းမှာ ယာဉ်တစ်စီး စက်ချို့ယွင်းပြီး ပျက်သွား ရင် နောက်က လိုက်ပါလာတဲ့ ယာဉ်တွေ ပိတ်ဆို့မှုနဲ့ ကြုံရမယ်လို့ ၄၅ ယာဉ်လိုင်းက ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

လှိုင်သာယာအဝေးပြေးမှ ဗိုလ်တစ်ထောင် ပြေးဆွဲသော ၁၂၄ ယာဉ်လိုင်းက ယာဉ်မောင်း ကိုတင်ဝေ ကတော့ “ လူတစ်ကိုယ် စိတ်တစ်မျိုးစီနဲ့ ရှေ့ကယာဉ်က ခရီးသည် မရသေးလို့ စောင့်ရင် နောက်မှာ လမ်းတွေ အကုန်ပိတ် ကုန်မှာပေါ့။ လမ်းက နှစ်စီးစာ လုပ်ထားတာ မဟုတ်ဘူး” လို့ မှတ်ချက်ပေးပါတယ်။

အဲဒီ သီးသန့်လမ်းကြောင်းဘက် အခြမ်းမှာရှိတဲ့ ယာဉ်ရပ်နားနေရာတွေကို မြို့တော် စည်ပင်သာယာရေး ကော်မတီက နိုဝင်ဘာလအတွင်း ဖျက်သိမ်း ပေးခဲ့ပေမယ့် အခုအချိန်အထိ ယာဉ်ရပ်နားမှု ရှိနေတဲ့အတွက် သီးသန့်လမ်းကြောင်းက ပိတ်ဆို့မှုတွေ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

အဌားယာဉ်မောင်း ကိုအေးမင်းကတော့ “အနော်ရထာလမ်းမှာ အရင်က ယာဉ်လေးစီးလောက် ယှဉ်မောင်း လို့ရတယ်၊ အခုအတုံးတွေ ချလိုက်တော့ သုံးစီးလောက်ပဲ မောင်းလို့ရတော့တယ် ” လို့ ပြောပါတယ်။

သီးသန့်လမ်းကြောင်းကို မျဉ်းဝါတွေ ဆွဲပြီး သတ်မှတ်ပေးထားပေမယ့် ယာဉ်မောင်းတွေ အနေနဲ့ စည်းကမ်း လိုက်နာမှုများ မရှိတာကြောင့် မြန်မာကျပ်ငွေ နှစ်ဘီလီယံကျော် အကုန်အကျခံပြီး ကွန်ကရစ်တုံးများ ချထား တာလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ဌာနမှူး ဦးတင်မောင်ကြည်က ပြောပါတယ်။

“ အနော်ရထာလမ်းမှာ စတင်စမ်းသပ်နေတာပါ၊ အတုံးတွေကိုလည်း ယာဉ်မောင်းတွေ အဆင်ပြေအောင် အပြည့်မချထားပါဘူး”လို့ သူက ဆိုပါတယ်။

ညာဘက်က ပါကင်တွေကိုလည်း ဖျက်သိမ်းထားတဲ့အတွက် ရပ်နားတဲ့ ယာဉ်တွေကိုလည်း စည်ပင်ဥပဒေနဲ့ အရေးယူသွားမှာဖြစ်ပြီး ဘယ်ဘက် အခြမ်းမှာ ယာဉ်တွေ ရပ်နားလို့ရအောင် လမ်းဘေး ဈေးသည်တွေကို လည်း ရှင်းလင်းပေးနေတယ်လို့ ဦးတင်မောင်ကြည်က ဆက်ပြောပါတယ်။

ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေဖို့ မြို့အတွင်းရှိ အဓိက လမ်းမကြီးတွေမှာ ခရီးသည်တင် ဘတ်စ်ကား တွေ လက်ယာ ကပ်မောင်းစနစ်အတွက် သီးသန့် လမ်းကြောင်းတွေကို နိုဝင်ဘာလ လဆန်းပိုင်းက စပြီး တော့ မျဉ်းဝါတွေရေး ဆွဲပြီး သတ်မှတ်ပေးခဲ့ပါတယ်။

ဒါပေမယ့် ယာဉ်မောင်းတွေ စည်းကမ်း မလိုက်နာတဲ့အတွက် နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကွန်ကရစ်တုံးတွေ ချထားပြီး သီးသန့်လမ်းကြောင်း သတ်မှတ်ခဲ့ တာလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (လမ်းနှင့်တံတား) ဆီကနေ သိရှိရပါတယ်။

The Voice Weekly

No comments:

Post a Comment

My Blog List