Monday, December 01, 2014

တာလီဘန်များ တိုက်ခိုက်မှု အရှိန်မြင့်လာချိန် ကာဘူးလ်ရဲချုပ် ရာထူးမှနှုတ်ထွက်



အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကာဘူးလ်၌ လွန်ခဲ့သည့် ရက်သတ္တ နှစ်ပတ်အကြာမှစ၍ တာလီစစ်သွေးကြွများက နိုင်ငံခြားသားများကို တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာချိန်တွင် ကာဘူးလ် မြို့တော်ရဲတပ်ဖွဲ့မှ ရဲချုပ် ဗိုလ်ချုပ် ဇာဟဲသည် ရာထူးမှ နှုတ်ထွက်လိုက်ပြီ ဖြစ်သည်။ 
မည်သည့် အကြောင်းပြချက်ဖြင့် နှုတ်ထွက်ခဲ့သည်ကိုမူ ၎င်း၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် ကျန်းမာရေး ၀န်ထမ်းများ၏ နားနေအိမ်ကို တာလီဘန်တို့မှ တိုက်ခိုက်မှုကြောင့် တောင်အာဖရိက နိုင်ငံသား ၃ ဦးနှင့် အာဖဂန် နိုင်ငံသား တစ်ဦးတို့ သေဆုံးခဲ့ရကာ ၁၀ ရက်အတွင်း တတိယအကြိမ်မြောက် တိုက်ခိုက်ခံရခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာက အာဏာရလာသော သမ္မတ အပ်ရှ်ရပ်ဖ်ဂန်နီသည် ပဋိပက္ခများဖြင့် ရာစုနှစ်များစွာ ဖြစ်သန်းခဲ့ရသည့် အာဖဂန်ကို ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးမည် ဖြစ်ကြောင်း ယနေ့ညနေပိုင်းတွင် ရုပ်သံမိန့်ခွန်းမှ တစ်ဆင့် ပြောကြားခဲ့သည်။ 

ယခုလ အစောပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတစ်ခုတွင် ဗိုလ်ချုပ်ဇာဟဲသည် ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရသည်။ ကာဘူးလ်မြို့တွင် လုံခြုံရေး အမြင့်မားဆုံးဟု ယူဆနိုင်သည့် ၎င်း၏ ရဲဌာန အတွင်းသို့ပင် ၀င်ရောက်ကာ အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သော်လည်း ဇာဟဲမှာ ထိုစဉ်က ရဲဌာန၌ ရှိမနေ၍ ၎င်း၏ လက်ထောက်အရာရှိသာ သေဆုံးခဲ့သည်။ 

ယခုရက်သတ္တပတ်အတွင်း ရုတ်ခြည်း အရှိန်မြင့်တက်လာသည့် တိုက်ခိုက်မှုများကြောင့် တနင်္လာနေ့တွင် အမေရိကန် စစ်သားနှစ်ဦး၊ ကြာသပတေးနေ့တွင် ဗြိတိသျှသံရုံးမှ ၀န်ထမ်းနှစ်ဦး သေဆုံးခဲ့ရကာ အာဖဂန်နိုင်ငံသား များစွာ ထိခိုက်ဒဏ်ရာရခဲ့သည်။

တာလီဘန်အဖွဲ့၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဇာဘီရူလာ မူဂျာဟစ်က ၎င်း၏ တွစ်တာစာမျက်နှာတွင် ရက်သတ္တနှစ်ပတ်အတွင်း တိုက်ခိုက်မှုများမှာ ခရစ်ယာန် မစ်ရှင်အဖွဲ့တစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ရေးသားထားသည်။

ကာဘူးလ်မြို့သည် တာလီဘန်တို့အတွက် စစ်တပ်၊ ရဲနှင့် အစိုးရအရာရှိများအား တိုက်ခိုက်ရန် အဓိက ပစ်မှတ်ဖြစ်နေသည်။

ယခု သီတင်းပတ်အတွင်း တာလီဘန် စစ်သွေးကြွများသည် ဟယ်လ်မန်စီရင်စုမှ ဗြိတိန်တပ်ဖွဲ့များ လွန်ခဲ့သော တစ်လအကြာက နေခဲ့သည့် ဘတ်စ်ရှင် စစ်စခန်းကိုလည်း တိုက်ခိုက်ခဲ့သည်။

သောကြာနှင့် စနေနေ့များတွင် စစ်သွေးကြွများနှင့် အစိုးရစစ်တပ်အကြား တိုက်ခိုက်မှုများလည်း ဆက်တိုက် ဖြစ်ပွားခဲ့ပြီး နှစ်ရက်တာအတွင်း အာဖဂန် စစ်သား ၂၂ ဦးနှင့် တာလီဘန် ၂၆ ဦးတို့ သေဆုံးခဲ့သည်။

တာလီဘန်များသည် ဒီဇင်ဘာတွင် အာဖဂန်နစ္စတန်မှ ထွက်ခွာရန် ပြင်ဆင်နေသည့် နိုင်ငံတကာ တပ်ဖွဲ့များအား ပိုမို ပစ်မှတ်ထား တိုက်ခိုက်လာကြသည်။ 

နိုင်ငံတကာ တပ်ဖွဲ့များ ဆုတ်ခွာရန် သဘောတူညီချက်၏ တစ်စိတ်တစ်ဒေသအရ နေတိုးတပ်ဖွဲ့ဝင် ၁၂၀၀၀ ၀န်းကျင်မှာ ကျန်ရစ်အုံးမည်ဖြစ်ကာ ဇန်န၀ါရီ ၁ ရက်မှ စ၍ အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင်များကို စစ်သင်တန်းများ ပို့ချပေးမည် ဖြစ်သည်။ 

အမေရိကန် ဦးဆောင်သည့် တပ်ဖွဲ့တစ်ဖွဲ့ကမူ တာလီဘန်တို့နှင့် တိုက်ခိုက်မည့် စစ်ဆင်ရေးများအတွက် အရန်တပ်ဖွဲ့အဖြစ် ရှိနေအုံးမည်။ 

ပုံစာ - ကာဘူးလ်မြို့တော် ရဲတပ်ဖွဲ့ ရဲချုပ် ဇာဟဲ (ယာဘက်-ဖုန်းပြောနေသူ) သည် ယခုလ အစောပိုင်းတွင် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရ

ကျော်လင်းထွန်း
Ref: BBC
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List