Monday, September 29, 2014

တနင်္သာရီမြစ်ဝ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအား ဒေသခံပြည်သူများ ကန့်ကွက်ဆန္ဒပြု လက်မှတ်ရေးထိုးကာ နိုင်ငံတော်သမ္မတထံ ပေးပို့


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် တနင်္သာရီမြစ်ဝ၊ မော်ကြီးဒေသ တုံးဗျောကျေးရွာအုပ်စု မွှေးရှောင်ရွာ အနီးတွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလျံ ရင်းနှီးမြှုပ်နှံမည့် တနင်္သာရီမြစ်ဝ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအား ဘေးထွက်ဆိုးကျိုးခံစားရမည့် ပြည်သူများမှ ကန့်ကွက်ဆန္ဒပြု လက်မှတ်
ရေးထိုးကာ နိုင်ငံတော်သမ္မတထံသို့ ပေးပို့ထားကြောင်း သိရသည်။

တနင်္သာရီမြစ်ဝ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ထိုင်းနိုင်ငံရှိ ကုမ္ပဏီများမှ လာရောက် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေပြီး မြန်မာကုမ္ပဏီအချို့မှလည်း ကမကထပြုကာ လိုက်လံကူညီနေကြောင်း သိရသည်။

ဒေသခံပြည်သူများအနေဖြင့် ထိုင်းနိုင်ငံမှ ဘေးထွက်ဆိုးကျိုးများမည့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စီမံကိန်းများကို မြန်မာနိုင်ငံတွင် ဘာကြောင့်လာရောက်တည်ဆောက်ရန် ကြိုးပမ်းကြောင်း မေးခွန်းထုတ်နေ ကြပြီး ယခုစီမံကိန်းတွင် ပါဝင်ဆောင်ရွက်မည့် ကုမ္ပဏီများအား လုံးဝအယုံအကြည်မရှိကြောင်း သိရသည်။ “ကျွန်တော်တို့ကတော့ ကျွန်တော်တို့နိုင်ငံအတွက်ရော ကျွန်တော်တို့ ဒေသအတွက်ရော ဘာမှကို အကျိုး မရှိတဲ့အပြင် မိဘဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာတဲ့ လယ်ယာဥယျာဉ် စိုက်ပျိုးခြင်းလုပ်ငန်းတွေ ပျက်သုဉ်း ကုန်မယ့်အပြင် ရွာတွေလည်းပျက်၊ လူတွေလည်းရောဂါရစေမယ့် ဒီစီမံကိန်းကို လုံးဝအလိုမရှိကြောင်း ပြောကြားထားပြီးသားပါ အခုလည်းထပ်ပြီး သမ္မတကြီးဆီ စာထပ်တင်ထားပါတယ်” ဟု တုံးဗျောကျေးရွာ အုပ်စုအတွင်းမှ ဒေသခံတစ်ဦးက ပြောကြားသည်။

စီမံကိန်းအတွက် လျာထားသည့်နေရာမှာ မြိတ်မြို့နယ်၊ တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ် ပေါင်းဆုံရာ အရပ်ဖြစ်ပြီး ကျေးရွာပေါင်း ၂၅ ရွာ၊ အိမ်ထောင်စုပေါင်း ၁၂၀၀ တို့နှင့်အတူ မြေဧရိယာ တစ်သိန်းကျော် အတွင်း ဆိုးကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း သိရသည်။

“ဒေသခံတွေကတော့ သူတို့ရဲ့ ဆန္ဒအတိုင်း နိုင်ငံတော်သမ္မတကြီးဆီကို ဒီလအလယ်မှာပဲ စာတင်ထား လိုက်ပြီးပါပြီ။ ကျွန်တော်တို့လည်း ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းတွေရဲ့ ဆိုးကျိုးတွေ၊ ဒီလိုစီမံကိန်းမျိုးတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အသိပညာပေး ဆွေးနွေးတာတွေ လိုက်လံဆောင် ရွက်ပေးနေပါတယ်။ 

ဒီစီမံကိန်းကို ကျွန်တော်တို့အနေနဲ့ ကန့်ကွက်သလို ဒေသခံပြည်သူ ရာခိုင်နှုန်း ၈၀ ကလည်း ကန့်ကွက် ထားပါတယ် နောက်ပြီးတော့ ဒီဒေသမှာရှိတဲ့ KNU အဖွဲ့အစည်းတွေကလည်း လုံးဝလာရောက်မလုပ် ဆောင်ဖို့ ပြောကြားထားပါတယ်” ဟု မြိတ်ခရိုင် ၈၈ မျိုးဆက်မှ ကိုတင်ကိုကိုဦးက ပြောကြားခဲ့သည်။

မြေအကျယ်အ၀န်း ဧက ၃၀၀၀ ကျော်ပေါ်တွင် တည်ဆောက်မည့် တနင်္သာရီမြစ်ဝ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံမှာ မဂ္ဂါဝပ် ၂၆၄၀ ထွက်ရှိမည်ဖြစ်ပြီး အဆိုပါစီမံကိန်းအား လျှပ်စစ်ဝန်ကြီးဌာန၊ ထိုင်း ကုမ္ပဏီများဖြစ်သော Ratchaburi Electricity Generating Holding Public Company Limited နှင့် Blue Energy &Environment Company Limited မြန်မာကုမ္ပဏီများဖြစ်သော ဗင်းန်ဒေ့ခ်ျနှင့် ကျော်ကျော်ဖြိုး ကုမ္ပဏီတို့ ပါဝင်ဆောင်ရွက်နေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List