Thursday, July 10, 2014

လက်ရှိနိုင်ငံရေးအကျပ်အတည်းနှင့် အခြားပြဿနာများအား အမြန်ဆုံးဖြေ ရှင်းနိုင်ရန် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးသင့်ဟု NLD နှင့် တိုင်းရင်းသားခေါင်းဆောင်များ ပြောကြား


လက်ရှိ နိုင်ငံရေးအကျပ်အတည်းနှင့် မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသည့် အခြားပြဿနာများအား အမြန်ဆုံးဖြေ ရှင်းနိုင်ရန် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၏ လေးပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေး ဆောင်ရွက်သင့် သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသားခေါင်းဆောင်များက ပြောကြားသည်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် မြန်မာနိုင်ငံ၏ ပစ္စုပ္ပန်နှင့် အနာဂတ်အရေးတို့တွင် ကြီးစွာအကျိုးဖြစ်ထွန်းနိုင် သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် မိတ်ဖက် တိုင်းရင်းသားပါတီများက ဇူလိုင် ၇ ရက်က ပူးတွဲသဘောထား ကြေညာချက် ထုတ်ပြန်ထားသည်။

NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်က“လေးပွင့် ဆိုင်ဆွေးနွေးမှုက ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေ ရှိတာပေါ့။ နိုင်ငံရေးအကျပ်အတည်းတွေ အခြားပြဿနာတွေရှိတယ်။ နိုင်ငံ တစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင်လို့ ဆောင်ရွက်မယ်ဆိုလို့ရှိရင် အစိုးရတစ်ဖက်တည်း ဆောင်ရွက်နေလို့ မဖြစ်ပါဘူး။ ထို့အတူ ပြည်သူတစ်ဖက်တည်း ဆောင် ရွက်နေလို့ မဖြစ်ပါဘူး။ ထို့အတူ ပြည်သူ့လွှတ်တော်၊ တပ်မတော်ကရော အားလုံးပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေမျိုးဆိုလို့ရှိရင်တော့ တိုင်းပြည်ဟာ လျင်လျင်မြန်မြန် တိုးတက်သွားမယ့် အနေအထားမျိုးရှိပါတယ်။ ဒါကြောင့်မို့ အရေးပါတဲ့ ပုဂ္ဂိုလ်လေးဦး ကတွေ့ဆုံပြီးတော့ ဆွေးနွေးကြမယ်ဆိုရင် ပြည်သူလူထုကလည်း ၀မ်းပန်းတသာရှိမယ်။ နောက်ပြီးတော့ အခက်အခဲပြဿနာတွေကိုလည်း လျင်လျင်မြန်မြန်လေး ဖြေရှင်းနိုင်မယ်ပေါ့” ဟု ပြောကြေားသည်။

မြန်မာနိုင်ငံ၌ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကဏ္ဍအသီးသီးတွင် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ရွေးကောက်ပွဲ စနစ် ပြုပြင်ပြောင်းလဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးဆိုင်ရာများနှင့် ပတ်သက်၍ အကျပ်အတည်း ကာလကို ရောက်ရှိနေသည့်အပြင် လှုံ့ဆော်မှုများကြောင့် လူမျိုးရေးအသွင်ဆောင်သည့်ပြဿနာများ၊ လယ်ယာမြေပြနာများနှင့် အခြားအခြားသော ပြဿနာ များစွာ ဖြစ်ပေါ်လျက်ရှိနေသည်။

“တိုင်းပြည်အတွက် အပြောင်းအလဲဖြစ်ဖို့ ကြိုးပမ်းတဲ့အခါပဲဖြစ်ဖြစ် ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးအတွက် ဆွေးနွေးတဲ့အခါပဲဖြစ်ဖြစ်ပြီးတော့ အနာဂတ်တိုင်းပြည်အရေးအတွက်ပဲ ဖြစ်ဖြစ် ဆွေးနွေးတဲ့အခါမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပါသင့်တယ်။ ပြီးတော့ သဘောထားကိုလည်း ထုတ်ဖော်ပြီးတော့ ပြည်သူတွေသိသာအောင် ပြောသင့်တယ်ဆိုတဲ့ သဘောထားရှိတယ်။ ဒါကြောင့် ကဏ္ဍအသီးသီးမှာ တာဝန်ရှိကြတဲ့ပုဂ္ဂိုလ်များဟာ တွေ့ဆုံဆွေးနွေးပြီးတော့ တိုင်းပြည်အရေးအတွက် ဆွေးနွေးသင့်တယ်လို့ ဆုံးဖြတ်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးအေးသာအောင်က ပြောကြားသည်။

1ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက သမ္မတထံသို့ မေတ္တာရပ်ခံစာပေးပို့ခဲ့ရာ သမ္မတက ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေလေ့ လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာထွက်ရှိပြီးမှသာ လေးပွင့်ဆိုင်တွေ့ဆုံမှုကို စဉ်းစား သင့်ကြောင်း သဘောထားမှတ်ချက်ပေးခဲ့သည်။

နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် လူထုခေါင်း ဆောင်တို့၏ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာစေရန် ပြည်သူများက ဆန္ဒထုတ်ဖော် တောင်းဆိုမှုများပင် ပြုလုပ်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မိတ်ဖက်တိုင်းရင်းသား ပါတီများ ကလည်း လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ဆောင်ရွက်သင့်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 


Eleven Media Group

No comments:

Post a Comment

My Blog List