Wednesday, July 09, 2014

လွှတ်တော်ကော်မတီများ မစွမ်းသေးပါ


ပြည်သူများက ရွေးကောက်တင်မြှောက်သော လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ပါဝင်သည့် လွှတ်တော်နှစ်ရပ် အသက်ဝင်လှုပ်ရှားလာသည်မှာ သုံးနှစ်ခွဲကာလအတွင်းသို့ ချင်းနင်းဝင်ရောက် လာပြီဖြစ်သည်။

ထိုကာလအတွင်း လွှတ်တော်၏ အဓိကလုပ်ငန်းစဉ်များဖြစ်သော ဥပဒေပြုရေးလုပ်ငန်းအပြင် လွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်တင်မြှောက်ထားသည့် နိုင်ငံတော်သမ္မတ ဦးဆောင်ဖွဲ့စည်း ထားသော ပြည်ထောင်စုအစိုးရအဖွဲ့ကို အပြန်အလှန်စောင့်ကြည့် ထိန်းညှိရသော လုပ်ငန်းသည်လည်း လွှတ်တော်၏ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ပါဝင်သည်။

ထိုလုပ်ငန်းစဉ်ကို အဓိကဆောင်ရွက်ရန် လွှတ်တော်နှစ်ရပ်တွင် ဖွဲ့စည်းထားသော ရေးရာကော်မတီများ၌ အဓိကတာဝန်ရှိပြီး သက်ဆိုင်ရာကော်မတီအလိုက် ၀န်ကြီးဌာနများကို စောင့်ကြည့်ထိန်းညှိရန် တာဝန်များ ခွဲဝေပေးထားသည်။

လွှတ်တော်သက်တမ်း သုံးနှစ်ခွဲကာလအတွင်း ရေးရာကော်မတီများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း ရှိ၊ မရှိ ပြည်သူများအတွက် အမှန်တကယ်ထိရောက်သော လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း ရှိ၊ မရှိနှင့် အဂတိလိုက်စားမှုများ ရှိ၊ မရှိ စသည့်အချက်များကို စောင့်ကြည့်ထိန်းညှိမှုများ ထိရောက်စွာ လုပ်ကိုင်ပြောဆို ဆောင်ရွက်ရန်လိုသည်။ ထိုသို့ စစ်ဆေးဖော်ထုတ်ရန်လည်း ကော်မတီများ၌ တာဝန်ရှိသည်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူအချို့ကမူ လွှတ်တော်ကော်မတီများအနေဖြင့် ၀န်ကြီးဌာနများအပေါ် ထိရောက်သော စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နိုင်ခြင်းမရှိသေးကြောင်း သုံးသပ်ပြောဆိုကြသည်။

‘‘လက်ရှိကာလအထိတော့ လွှတ်တော်ကော်မတီတွေက စောင့်ကြည့်ထိန်းညှိမှုတွေ လုံးဝမလုပ်နိုင်သေး ဘူးလို့ မြင်တယ်။ ကော်မတီတင်မဟုတ်ဘူး။ လွှတ်တော်ကြီးတစ်ခုလုံးရဲ့ လုပ်ဆောင်မှုက ထိရောက်မှု နည်းနေတယ်’’ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီကပြောသည်။

ပြည်သူ့အသံလွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒဟူသည့် ဆောင်ပုဒ်များနှင့်အညီ ဆောင်ရွက်နေ သည်ဆိုသော လွှတ်တော်နှစ်ရပ်၏ လုပ်ငန်းစဉ်များသည် အမှန်တကယ်ပင် ပြည်သူများ၏ ဆန္ဒအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိကိုလည်း ဆန်းစစ်ရန်လိုကြောင်း နိုင်ငံရေးအသိုင်း အ၀ိုင်းက မေးခွန်းထုတ်ပြောဆိုမှုများရှိသည်။

လွှတ်တော်တွင် ဖွဲ့စည်းထားသော ကော်မတီများသည် လွှတ်တော်အငယ်စား များပင်ဖြစ်ပြီး ရေးရာကော် မတီများအနေဖြင့် ဥပဒေပြုရေးလုပ်ငန်းစဉ် များသာမက သက်ဆိုင်ရာဝန်ကြီးဌာနများကို စောင့်ကြည့် ထိန်းညှိခြင်း လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက မကြာခဏ တိုက်တွန်းပြောဆိုခဲ့သည်။

လွှတ်တော်နှစ်ရပ်တွင် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဖွဲ့စည်းထားသော အမြဲတမ်းကော်မတီလေးခု ရှိပြီး အဆိုပါကော်မတီလေးခုကို လွှတ်တော်နှစ်ရပ်ပေါင်းစည်းထားသည့် ပြည်ထောင်စုလွှတ်တော်၌ ပူးပေါင်းကော်မတီလေးခုအဖြစ် ပေါင်းစပ်ဖွဲ့စည်းထားသည်။

လိုအပ်ချက်အရ လွှတ်တော်နှစ်ရပ်၌ ကော်မတီများ အသီးသီးဖွဲ့စည်းထားပြီး ပြည်သူ့လွှတ်တော်တွင် ၁၉ ခုနှင့် အမျိုးသားလွှတ်တော်တွင် ၁၆ ခုရှိကာ သက်တမ်းအားဖြင့် တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးလေ့ ရှိသည်။

အစိုးရကို အဓိကထိန်းကျောင်းမှုပြုရသည့် ကော်မတီဟု ခေါ်ဆိုနိုင်သော အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီမှ အစိုးရ၏ လုပ်ငန်းများ၊ ကတိက၀တ်များကို စိစစ်မှုများပြုလုပ်ပြီး လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းမှုများ ပြုလုပ်လေ့ရှိသည်။

လက်ရှိကျင်းပဆဲဖြစ်သော ဒသမပုံမှန်လွှတ်တော်အစည်းအဝေး အစပိုင်းတွင် ဖော်ပြပါ ကော်မတီမှ ပြည်သူ့လွှတ်တော်သို့ လွှတ်တော်သက် တမ်းတစ်လျှောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ လွှတ်တော်သို့ပေး ခဲ့သည့် အာမခံချက်များ၊ ကတိများကို စိစစ်မှုပြုရာတွင် အစိုးရအဖွဲ့ ဆောင်ရွက်ချက်များ ကောင်းမွန်ပါ သည်ဟု အစီရင်ခံစာ၌ ထည့်သွင်းဖော်ပြခဲ့သည်။

‘‘တင်လိုက်တဲ့ အစီရင်ခံစာမှာ အစိုးရက လုပ်ဆောင်မှုတွေ ကောင်းတယ်ဆိုပြီး ကော်မတီက သုံးသပ် တယ်။ မေးခွန်းတွေကို ဖြေကြားတာ ကောင်းတာလား၊ ပြည်သူတွေလိုချင်တဲ့ ကတိပေးလို့ ကောင်းတာလား၊ ပြီးစီးတဲ့ လုပ်ငန်းတွေ ကပဲ ကောင်းတာလားဆိုတာ ဘာကိုဆိုလိုမှန်း အဓိပ္ပာယ်လုံးဝဖော် မရတဲ့သဘောမျိုး ရေးထားတယ်’’ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဝေဖန်ပြောကြားသည်။

ထိုကဲ့သို့ ဖော်ပြမှုအပေါ် ကိုယ်စားလှယ်အများစုက ကန့်ကွက်ခဲ့ကြပြီး အမှန်တကယ် လက်တွေ့အခြေ အနေတွင်မူ လုပ်ငန်းအများစုမှာ ပြီးစီးဆောင်ရွက်နိုင်ခြင်းမရှိဘဲ အချို့လုပ်ငန်းများမှာမူ လုံးဝဆောင် ရွက်ပေးခြင်း မရှိကြောင်း လွှတ်တော်အတွင်း ဝေဖန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

‘‘လွှတ်တော်တွေအနေနဲ့ အစိုးရအဖွဲ့ကို စောင့်ကြည့်ထိန်းညှိတယ်ဆို တဲ့နေရာမှာ မေးခွန်းမေးတာနဲ့ အဆိုတင်တာပေါ့။ ဒီလိုမျိုး လွှတ်တော်ဘက်က ဆောင်ရွက်တဲ့နေရာမှာ ကော်မတီတွေအနေနဲ့ လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာအတွင်း လုပ်ဆောင်နိုင်ခဲ့ပေမယ့် အစိုးရ၀န်ကြီးဌာနတွေရဲ့ လိုက်ပါဆောင်ရွက်မှုကတော့ အားရစရာမရှိပါဘူး’’ဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးအောင်ကြည်ညွန့်ကပြောသည်။

ဖော်ပြပါနည်းလမ်းများဖြင့် အစိုးရအဖွဲ့ကို ထိန်းကျောင်းသည်ဆိုသော်လည်း လွှတ်တော်တွင်း ဒုတိယ၀န်ကြီးအများစုမှ မေးခွန်းများဖြေဆိုရာတွင် မေးမြန်းသော အကြောင်းအရာကို တိကျစွာဖြေ ဆိုခြင်းမရှိဘဲ သွယ်ဝိုက်ကာ ဖြေဆိုမှုများရှိနေသဖြင့် အားရကျေနပ်မှုမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ပြောသည်။

ထိုသို့ ဖြစ်ပေါ်နေမှုကြောင့် မေးခွန်းများမေးမြန်းရာတွင် ကိုယ်စားလှယ်အချို့မှာ ထပ်ဆင့်မေးခွန်းများ မေးမြန်းသော်လည်း အဖြေများမှာမူ မူလအဖြေ အတိုင်းပင် ဝေ့၀ိုက်ဖြေဆိုမြဲဖြစ်ကြောင်း ကိုယ်စားလှယ် အချို့က ဆိုသည်။

‘‘ကိုယ်စားလှယ်တွေအနေနဲ့က ကတိဖြစ်အောင် မေးဖို့လိုသလို ဖြေတဲ့ဝန်ကြီးဌာနတွေအနေနဲ့ကလည်း ဆိုလိုရင်းကို တိတိကျကျ ဖြေကြားဖို့ လိုပါတယ်’’ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကပြောသည်။

ကော်မတီများအနေဖြင့် ၎င်းတို့နှင့်သက်ဆိုင်သော ဥပဒေကြမ်းများကော် မတီအစည်းအဝေး၌ ဆွေးနွေးရာတွင် သက်ဆိုင်ရာ ၀န်ကြီးဌာနများကို ခေါ်ယူဆွေးနွေးခြင်း၊ ကော်မတီမှ ကြားနာလိုသော ကိစ္စများကို ၀န်ကြီးဌာနများအား ဆင့်ခေါ်ကြားနာခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းတို့ကို ပြုလုပ်နိုင်သည်။

ပြီးခဲ့သော လွှတ်တော်သက်တမ်းကာလများအတွင်း ထင်ရှားသော ပြယုဂ်အနေဖြင့် ကော်မတီများ၏ ဆောင်ရွက်ချက်များမှာ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ ဘတ်ဂျက်အသုံးစရိတ်များကို စိစစ်ဖြတ်တောက်နိုင် ခဲ့ခြင်းဖြစ်ပြီး ထိုဌာနများ၏ ငွေကြေးကွာဟမှုများ အောက်ခြေတွင် ဖြစ်ပွားနေသော ငွေကြေးအလွဲသုံးမှုများ၊ အဂတိလိုက်စားမှုများကိုမူ လွှတ်တော်ကော်မတီများက ထိရောက်စွာ စစ်ဆေးဖော်ထုတ်နိုင်ခြင်း မရှိခဲ့ကြောင်း နိုင်ငံရေးသုံးသပ်သူများကဆိုသည်။

‘‘ကျွန်တော်တို့ကော်မတီကတော့ သဘောထားမှတ်ချက်တွေနဲ့ အကြံပြုချက်တွေရေးပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကို ပို့တာပေါ့။ အုပ်ချုပ်ရေးအပိုင်းက လုပ်ပေးမှ အကောင်အထည်ပေါ်မှာဖြစ်နေတော့ စိတ်သွားတိုင်း ကိုယ်မပါနိုင်ဘူး ဖြစ်နေတယ်။ အုပ်ချုပ်ရေးအပိုင်းရဲ့ ဆောင်ရွက်ချက်ကိုတော့ လုံးဝအားရမှု မရှိဘူး’’ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

လွှတ်တော်ကော်မတီများ၏ ဆုံးဖြတ်ချက်များကို အစိုးရ၀န်ကြီးဌာနအချို့က လိုက်ပါဆောင်ရွက်မှုမရှိခြင်း သည် လွှတ်တော်ကော်မတီများ၏ သြဇာသက်ရောက်မှု အားနည်းခြင်း ရှိနေမည်လားဆိုသည်ကို မေးခွန်းထုတ်စရာ ဖြစ်နေသည်။

သာဓကတစ်ခုအနေဖြင့် ပြည်သူ့လွှတ်တော်ရှိ တရားရေးနှင့်သက်ဆိုင်သော ကော်မတီဖြစ်သည့် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုထံသို့ စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ်၏ အဂတိလိုက်စားမှုများ၊ မလျော်သြဇာ သုံးမှုများကို လာရောက်တိုင်ကြားခဲ့သော အရာတော်မြို့နယ် တရားသူကြီးဦးမင်းသော်ထွေးအား အထက် အဖွဲ့အစည်းများကို ကျော်လွန်လုပ်ဆောင်သည့် အကြောင်းပြချက်ဖြင့် မကြာသေးမီကာလကပင် ရာထူးမှ ထုတ်ပယ်ခဲ့သည်။

‘‘အဓိကကတော့ လွှတ်တော်တွင်းမှာ အုပ်ချုပ်ရေးပဲဖြစ်ဖြစ်၊ တရားစီရင်ရေးပဲဖြစ်ဖြစ်၊ ဒါတွေနဲ့ပတ်သက်လို့ အကြိတ်အနယ်ဆွေးနွေးတာ မတွေ့ရဘူး။ အဲဒီလိုမရှိတဲ့အတွက် လက်ရှိလွှတ်တော်တွေဟာ ငြိမ်သက်နေ တဲ့ သဘောမျိုးဖြစ်နေပြီး ပြည်သူလူထုအတွက် ဆောင်ရွက်ပေးနိုင်မှုတွေ အားနည်းနေတာလို့ မြင်တယ်’’ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။

လွှတ်တော်တွင်း ဆောင်ရွက်ပေးပါမည်ဟု ကတိပြုထားသောကိစ္စရပ်များ ဆောင်ရွက်ပေးမှု နှေးကွေးခြင်း၊ အဆိုအများစုကို ၀န်ကြီးဌာနအချို့က မှတ်ချက်ပေးပယ်ချခြင်း၊ အမှန်တကယ် အောက်ခြေတွင် ဖြစ်ပျက်နေသော အခြေအနေများအပေါ် မျက်ကွယ်ပြုခြင်း စသည့်အချက်များကို သက်ဆိုင်ရာကော်မတီ များက တိကျစွာစစ်ဆေးဖော်ထုတ်ရန် တာဝန်ရှိကြောင်း နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်ပြောကြား ကြသည်။

‘‘ကော်မတီတွေရဲ့လုပ်ငန်းတွေ ဒီထက်ပိုပြီး အသက်ဝင်လာဖို့ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင် အသက်ဝင်ဖို့လိုတယ်။ ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အရည်အသွေးနဲ့ ပေးထားတဲ့ လုပ်ပိုင်ခွင့်ကို ပိုင်ပိုင်နိုင်နိုင် အသုံးချပြီး သက်ဆိုင်ရာဝန်ကြီးဌာနကို ဒီထက်ပိုပြီး ကြပ်ကြပ်မတ်မတ်ကိုင်တွယ်ဖို့ လိုတယ်’’ဟု ကိုဂျင်မီကပြောသည်။

မကြာမီကာလက ဖြစ်ပေါ်ခဲ့သော ပြည်ထောင်စုဝန်ကြီးဦးအုန်းမြင့်၏ ပြောဆိုမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ အရေးယူမှုပြုလုပ်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သော်လည်း လက်တွေ့မှာမူ အကောင်အထည်ပေါ်လာခြင်း မရှိပေ။

‘‘တကယ်တမ်းတော့ လွှတ်တော်အနေနဲ့ သေချာလုပ်နိုင်ရင် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ ၀န်ကြီး တွေကို စွပ်စွဲပြစ်တင်ဖြုတ်ချပိုင်ခွင့်ရှိတယ်။ သမ္မတကိုတောင် ဖြုတ်ချလို့ရတယ်။ ဒါပေမဲ့ ဒီလွှတ်တော် သက်တမ်းအတွင်းမှာတော့ ဒီလိုကိစ္စရပ်တွေက ဖြစ်မလာနိုင်ပါဘူး’’ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ထိုကဲ့သို့ အားနည်းမှုများဖြစ်ပေါ်နေသော လွှတ်တော်ကော်မတီများ၏ ဆောင်ရွက်ချက်သည် ယခုထက် ပိုမိုထိရောက်စွာဆောင်ရွက်လိုပါက အတိုက်အခံတို့၏ကဏ္ဍမှာ အရေးပါသောနေရာတွင်ရှိပြီး အာဏာရ ပါတီမှ ဖွဲ့စည်းထားသော အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များကို စိစစ်သုံးသပ်ဖော်ထုတ်ရန် လိုကြောင်း ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

‘‘ပြုပြင်ပြောင်းလဲရေးရဲ့ အစပိုင်းမှာမို့လို့ ဒီလိုဖြစ်နေတယ်လို့ပဲ ပြောချင်တယ်။ တကယ်တမ်းက လွှတ်တော် ပိုင်းကလည်း ဒီထက်ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုတာတွေရှိသလို အစိုးရဘက်ကလည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့လိုတယ်။ နှစ်ဖက်လုံးမှာ လိုအပ်ချက်တွေရှိဆဲပဲ’’ဟု ဦးအောင်ကြည်ညွန့် ကပြောသည်။    

7Day News Journal

No comments:

Post a Comment

My Blog List