Monday, July 07, 2014

နိုင်ငံရေးတာဝန် တစ်ရပ်အဖြစ် အခြေခံဥပဒေကို လေ့လာဖို့လိုအပ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင် လူငယ်အားလုံး နိုင်ငံရေးတာဝန် တစ်ရပ် အဖြစ် ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေကို အစအဆုံး ဖတ်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံနောက်ဆုံးနေ့ မှာ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြားပြီး တာဝန်ပေးလိုက်တာဖြစ်ပါတယ်။

"ကျမတို့ လက်ရှိဖွဲ့စည်ပုံအခြေခံဥပဒေထဲမှာ ဘာတွေပါလဲဆိုတာကို ကျမတို့ လူငယ်တွေသိဖို့လိုပါတယ်၊ ပထမဆုံး တာဝန်တစ်ခုအနေနဲ့ ပေးအပ်တာနဲ့ ဒီညီလာခံကိုတက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် အားလုံးဟာ အခုလက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အစအဆုံးဖတ်ကြပါ၊ နည်းနည်းပျင်း စရာကောင်းပါတယ်၊ မှန်ပါတယ် ဒါပေမဲ့ အလုပ်ဆိုတာ အမြဲပျော်စရာရယ်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဖတ်ပါ၊ မဖတ်ပဲနဲ့ နားမလည်ပဲနဲ့ ပြည်သူတွေကို ပြုပြင်ပါ ပြောင်းလဲပါလို့ တိုက်တွန်းတဲ့နေရာမှာဆိုလို့ရှိရင် အားနည်းပါတယ်၊ ၄၃၆ ကိုပဲဖတ်လို့မရပါဘူး၊ အဲ့ဒီလောက်နဲ့လည်း မပြီးသေးပါဘူး ဒီဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုလုံးကို ဖတ်ရမယ်၊ ဒါဟာ နိုင်ငံရေးတာဝန်ပဲ"

ဒါ့အပြင် လူငယ်ကိုယ်စားလှယ်တွေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖြစ်ပေါ်လာပုံနဲ့ ပါတီ ရဲ့သမိုင်းကြောင်းကို လေ့လာကြဖို့၊ တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့ နိုင်ငံသားကောင်းဖြစ်အောင် ကိုယ့်ကို ကိုယ် ပြုစုပျိုးထောင်ကြဖို့၊ ရဲဘော်ရဲဘက်စိတ်ဓာတ်တွေ မွေးမြူကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။

နှစ်ရက်ကြာကျင်းပခဲ့တဲ့ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို ရပ်ကျေး၊ မြို့နယ်၊ ခရိုင်၊ တိုင်းနဲ့ပြည်နယ်အဆင်ဆင့်က လူငယ်ကိုယ်စားလှယ် တစ်ရာကျော် တက်ရောက်ခဲ့ပြီး ညီလာခံကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List