Monday, July 07, 2014

ငြိမ်းချမ်းမှုထိန်းသိမ်းရေး ကော်မတီမှ လေးပြင်လေးရပ်ရှိ သာသနာ့ဆရာတော်ကြီးများထံမှ သြ၀ါဒခံယူကာ မန္တလေးမြို့တွင် ဖြစ်ပေါ်နေသော အခြေအနေများ ပုံမှန်ပြန်ဖြစ်ရန် လုပ်ဆောင်သွားမည်




မန္တလေးမြို့တွင် ဖြစ်ပေါ်နေသော အခြေအနေများ ပုံမှန်ပြန်ဖြစ်ရန် ငြိမ်းချမ်းမှုထိန်းသိမ်းရေး ကော်မတီမှ လေးပြင်လေး ရပ်ရှိ သာသနာ့ဆရာတော်ကြီးများထံမှ သြ၀ါဒခံယူမှုကို ဇူလိုင် ၆ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေး ကော်မတီက ဦးဆောင်ကျင်းပသည့် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ သာသနာ့ ဥသျှောင် ဆရာတော်ကြီးများထံမှ သြ၀ါဒခံယူပွဲကို ၂၆ လမ်းနှင့် လမ်း ၉၀ မိုးကောင်းကျောင်းအလယ် ရွှေကျောင်းတိုက် တွင် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။
“ဆုတောင်းပေးရုံနဲ့ ပဋိပက္ခဖြစ်စဉ်တွေ ငြိမ်းအေးသွားမှာ မဟုတ်ပါဘူး။ ကော်မတီအနေနဲ့ ဘယ်လောက်ထိလုပ်မလဲ။ တကယ်ငြိမ်းအေးအောင် လုပ်မလားဆိုတာ အရေးကြီးပါတယ်။ ကောလာဟလဖြစ်တဲ့ နေရာကို ကော်မတီအဖွဲ့ဝင်တွေ အချိန်မီရောက်ရှိနေနိုင်ဖို့ ကြိုးစားရမယ်။ ၁၄၄ မရုပ်သိမ်းခင်အထိ ကော်မတီအနေနဲ့ ငြိမ်းချမ်းအောင် ထိန်းသိမ်းမှုတွေ လုပ်ရမယ်” ဟု အခမ်းအနားသို့ ကြွရောက်လာသည့် ဂဠုန်နီဆရာတော်က မိန့်ကြားသည်။

ဆက်လက်၍ ဂဠုန်နီဆရာတော်က “ဘယ်ပုဂ္ဂိုလ်တွေက ပဋိပက္ခတွေ၊ ဆူပူအကြမ်းဖက်မှုတွေဖြစ်အောင် ကြိုးဆွဲ၊ ကြိုးကိုင် လုပ်နေသလဲဆိုတာ ဖော်ထုတ်ဖို့ ကြိုးစားရမယ်။ အဲလိုဖြစ်အောင် ဖန်တီးနေတဲ့ တရားခံတွေကိုလည်း ပြတ်ပြတ်သားသား ဖော်ထုတ်ဖို့ အရေးကြီးပါတယ်။ ၁၄၄ ထုတ်ထားတဲ့ သူတွေကလည်း လေးလေးစားစားနဲ့ အရေးယူဖို့ လိုပါတယ်။ အစိုးရ၊ လူမှုရေး အဖွဲ့အစည်းတွေနဲ့ မီဒီယာကလည်း မှန်မှန်ကန်ကန်လုပ်ဆောင်ဖို့ အရေးကြီးတယ်။ အဲလိုမှမဟုတ်ရင် မန္တလေးမြို့ ပြာကျသွားနိုင်တယ်” ဟု မိန့်ကြားခဲ့သည်။

မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေး ကော်မတီမှ တိုင်းဒေသကြီး အစိုးရအဖွဲ့ အပါအ၀င် တာဝန်ရှိသူများ အားလုံးနှင့် ညှိနှိုင်းပူးပေါင်းကာ လတ်တလော ဖြစ်ပေါ်နေသော မငြိမ်သက်မှုများကို အခြေအနေ ပိုမိုမဆိုးဝါးစေရန် ထိန်းသိမ်း၍ တည်ငြိမ်အေးချမ်းသော ပုံမှန်အခြေအနေ အမြန်ဆုံး ပြန်လည်ရောက်ရှိရေး၊ ကောလာဟလ သတင်းများကို ချေဖျက်နိုင်ရန်အတွက် သတင်းမှန်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေး၊ သံသယများ အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်ပါက သဘောထားဖြစ်ရပ်မှန်ကို အများပြည်သူသိရှိရေး၊ အမှုအခင်းများကို ဥပဒေနှင့်အညီ ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ရေး တွန်းအားပေးရန်နှင့် မန္တလေးမြို့လူထု၏ ပေါင်းစည်းညီညွတ်သော အင်အားဖြင့် မန္တလေးမြို့၏ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ ချစ်ကြည်မှု အစဉ်အလာကောင်းများကို ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မန္တလေးမြို့တွင် ဖြစ်ပေါ်နေသော အခြေအနေများ ပုံမှန်ပြန်ဖြစ်ရန် ငြိမ်းချမ်းမှုထိန်းသိမ်းရေး ကော်မတီက ဆရာတော် ကြီးများထံမှ သြ၀ါဒခံယူနေစဉ်
Eleven Media Group

No comments:

Post a Comment

My Blog List