Tuesday, July 08, 2014

(၅၂) နှစ်မြောက် 7 July အထိမ်းအမှတ် ပန်းခွေချဂါရ၀ပြုခြင်းကို ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံဟောင်းနေရာ၌ ပြုလုပ်


(၅၂) နှစ်မြောက် 7 July ကျောင်းသားလှုပ်ရှားမှုအထိမ်းအမှတ် ပန်းခွေချ ဂါရ၀ပြု ခြင်းကို ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်မှ အဖွဲ့ဝင်ကျောင်းသားလူငယ်များကဦးဆောင်၍ရန်ကုန်တက္ကသိုလ် ၀င်းအတွင်းရှိ ဗမာနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဆောက်အအုံတည်ရှိခဲ့ရာနေ ရာတွင် ဇူလိုင် ၇ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ ပန်းခွေချဂါရ၀ပြုခြင်းအစီအစဉ်မစတင်မီ ဗကသအဖွဲ့ဝင်ကျောင်းသား လူငယ်များ၊ လူ့ဘောင်သစ် လူငယ်အဖွဲ့ဝင်လူငယ်များ၊ သခင်ကိုယ်တော် မှိုင်းငြိမ်းချမ်းရေးကွန်ရက် (ရန်ကုန်) ယာယီမှအဖွဲ့ဝင်များ၊ အခြားအဖွဲ့အစည်း များမှ တက္ကသိုလ်ကျောင်းသားလူငယ်များ၊ ၈၈ ခုနှစ်ကာလ ကျောင်းသား လူငယ်အဖြစ် ဖြတ်သန်းခဲ့ကြသူများစသည်ဖြင့် 7 July နှင့်ပတ်သက်သည့် စိတ်ပါဝင်စားကြသူများ စုစုပေါင်းဦးရေ ၁၀၀ ခန့်သည် ရန်ကုန်တက္ကသိုလ် အနီးရှိ စိုက်ပျိုးရေးမှတ်တိုင်မှစတင်ကာ ရန်ကုန်တက္ကသိုလ်အထိ စီတန်းချီ တက်လမ်းလျှောက်ခဲ့ကြသည်။

ထိုသို့ ချီတက်လမ်းလျှောက်မှုပြုလုပ်ရာတွင် ရန်ကုန်တက္ကသိုလ်အနီးသို့ အရောက်တွင် "ဗကသအဆောက် အအုံ ပြန်လည်တည်ဆောက်နိုင်ရေး ဒို့အရေး"၊ "ဒီမိုကရေစီပညာရေးကို သင်ကြားနိုင်ရေး ဒို့အရေး"၊ "ကျောင်းသား ထုအခွင့်အရေးအပြည့်အ၀ရရှိရေး ဒို့အရေး"၊ "7 July သမိုင်းတရားခံများ ဖော်ထုတ်ပေးရေး ဒို့အရေး" စသည့် ကြွေးကြော်သံများဟစ်ကြွေးခဲ့ကြပြီး ပန်းခွေချဂါရ၀ပြုခြင်းအစီအစဉ်ပြုလုပ်ရာတွင်လည်း အဆိုပါကြွေးကြော်သံ များကိုပင် ထပ်မံဟစ်ကြွေးခဲ့သည်။

ထို့နောက် ပန်းခွေချဂါရ၀ပြုခြင်းအစီအစဉ်ကိုပြုလုပ်ရာတွင် ကျဆုံးသွားသော ကျောင်းသားရဲဘော်များအား ဂုဏ်ပြုသောအားဖြင့် ငြိမ်သက်ခြင်း၊ အလေးပြုခြင်း၊ ဗကသအဖွဲ့ချုပ်၊ လူ့ဘောင်သစ်လူငယ်အဖွဲ့နှင့် ၇၄/၇၅/ ၇၆ နိုင်ငံရေးအင်အားစုအသီးသီးတို့မှ အဖွဲ့ကိုယ်စားပြုပန်းခွေချခြင်း၊ တက်ရောက်လာသူ တစ်ဦးခြင်းစီက နှင်းဆီပန်းများဖြင့် ဂါရ၀ပြုခြင်း၊ အခမ်းအနားသို့ ဗကသအဖွဲ့ချုပ်မှပေးပို့သော အဓိဋ္ဌာန်ကြေ ညာစာတမ်း၊ လူဘောင်သစ်လူငယ်များမှပေးပို့သော သ၀ဏ်လွှာနှင့် ဗကသများအဖွဲ့ချုပ် (ဗဟို)အတွင်းရေး မှူးအဖွဲ့ဝင် ဦးလှရွှေမှပေးပို့သော သ၀ဏ်လွှာတို့အား ဖတ်ကြားခြင်းနှင့် "ကမ္ဘာမကြေဘူး" သီချင်းအား သီဆိုခြင်းတို့ပြုလုပ်ကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

"ကျွန်တော်တို့ကျောင်းသားတွေရဲ့သွေး ဒီမြေမှာကျခဲ့တာ (၅၂) နှစ်ပြည့် တဲ့နေ့ပါပဲ။ ဒါပေမဲ့ ကျွန်တော် တို့ကျောင်းသားတွေဟာ ခိုင်မာတဲ့သန္နိဋ္ဌာန်ချ မှတ်ပြီး တိုက်ပွဲဝင်ခဲ့တာဖြစ်တဲ့အတွက် သူတို့ရဲ့အရိုးတွေဟာ ဆွေးမသွား ပါဘူး။ သူတို့ရဲ့အရိုးဟာ ဒီနေ့ဒီကာလအထိ အာဏာရှင်ရဲ့အိပ်မက်ဆိုးကို ထိုးနှက်နေတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ မမှန်တာလုပ်တဲ့သူက ကျီးလန့်စာစားဘ၀နဲ့ တစ်သက်လုံးခေါင်းငုံ့ပြီးနေရမယ်။ ဘယ်လိုနေရာတွေ ပဲရောက်ရောက် ဘယ်လိုကောင်းစားမှုတွေနဲ့ပဲကြုံကြုံ တကယ်တမ်းကျတော့ လိပ်ပြာ မသန့်တဲ့သူဟာ အမြဲတမ်းချောက်ချားနေတယ်ဆိုတာကို ပြောချင်ပါတယ်။ 

ကျွန်တော်တို့ကျောင်းသားတွေဟာ ရှေ့မျိုးဆက်တွေဖြစ်တဲ့ 7 July မျိုးဆက်ကနေ တစ်လျှောက်လုံး ရှစ်လေးလုံးအရေးတော်ပုံကြီးအထိ မျိုးဆက်တိုင်းမျိုးဆက်တိုင်း အမွေကိုဆက်ခံပြီး ဒီနေ့ဒီကာလမှာ ဒီအလံကို ရဲရဲတင်းတင်းဆုပ်ကိုင်ပြီး ဒီမြေပေါ်မှာ မားမားမတ်မတ်ရပ်နိုင်တာ ကျွန်တော်တို့လိပ်ပြာတွေ သန့်ခဲ့လို့ ကျွန်တော်တို့ဝိညာဉ်တွေဖြူစင်ခဲ့လို့ပဲ ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ ဒါအတုယူစရာတစ်ခု အနေနဲ့ ပြည်သူလူထုကို ရှင်းလင်းတင်ပြချင်ပါတယ်"ဟု ဗကသ ဗဟိုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကိုကျော်ကိုကို က ပြောကြားသည်။ 

ဆက်လက်၍ ကိုကျော်ကိုကိုကပြောကြားရာတွင် ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ပညာရေး၊ ကျောင်းသားထုအခွင့်အရေး၊ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး စသည့်ဒုက္ခအဖုံဖုံဖြစ်ပေါ်စေသော ဘူမိနက်သန်မှာ စစ်အာဏာရှင်စနစ်ရှိနေ၍သာဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကို တစ်ခုတည်းသောသန္နိဋ္ဌာန်ဖြင့် ဒီနေ့ ဒီကာလတွင် ဆက်လက်ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြား သည်။

"ကျွန်တော်တို့ကျောင်းသားတွေရဲ့ရင်ထဲမှာက 7 July ဆိုတာ ဘယ်လိုနည်းနဲ့မှ မေ့ဖျောက်လို့မရဘူး။ ကျောင်းသားသမဂ္ဂအဆောက်အအုံ ဗုံးခွဲဖျက်ဆီးခဲ့ပေမယ့် ကျွန်တော်တို့ ကျောင်းသားသမဂ္ဂတွေရဲ့ စိတ်ဓာတ်တွေအစဉ်အလာတွေ မသေသေဘူး။ ယနေ့အထိ ပျံ့နှံ့နေဆဲရှိတယ်ဆိုတာကို သူတို့ကို ကျွန်တော်တို့ပြချင်တယ်။ ပြီးတော့ ဒီဘက်ခေတ်ကျောင်းသားလူငယ်မျိုးဆက်ကို ပြချင်တယ်။ ကျောင်းသား သမိုင်းဆိုတာက ဘယ်လောက်ပဲအဆောက်အအုံကို ဖျက်ဆီးဖြိုခွဲပါစေ။ ဒီနေ့ဒီအချိန်ထိကို ကျောင်းသား သမိုင်းကရှိနေဆဲပဲ။ ကျောင်းသားဆိုတဲ့မျိုးဆက်က ရှိနေဆဲပဲဆိုတာ သူတို့သိစေချင်တဲ့အတွက် ဒီနေ့ လာရောက်တာပါ" ဟု ကျောင်းသားလူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဒီငြိမ်းလင်းက ပြောကြားသည်။

ထို့ပြင် ဒဂုံတက္ကသိုလ်တွင်လည်း 7 July (၅၂) နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ရန်ကုန်မြို့၊ ဒဂုံတက္ကသိုလ်တွင် ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့သည်။

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂများမှ ဦးဆောင်၍ပြုလုပ်သော အဆိုပါအောက်မေ့ဖွယ်အခမ်းအနားကို ဒဂုံတက္ကသိုလ်အတွင်းရှိ သမိုင်းဌာနအဆောင်အနီးက နားနေဆောင်တွင် ဇူလိုင် ၇ ရက် နံနက် ၁၀ နာရီ ၀န်းကျင်မှစတင်၍ပြုလုပ်ခဲ့ရာ တက္ကသိုလ်ကျောင်းသားကျောင်းသူ ၁၀၀ ၀န်းကျင်ခန့် တက်ရောက်ကြသည်။

ဒဂုံတက္ကသိုလ်တွင် သင်္ချာအထူးပြု တတိယနှစ်တက်ရောက်နေသည့် အသက် ၂၃ နှစ်အရွယ် ကိုပိုင်ရဲသူက "ကျွန်တော်တို့ပရိုဂျက်တာနဲ့ သမိုင်းမှတ်တမ်းတွေကိုပြဖို့ နေရာနဲ့အမှောင်လိုတယ်။ Theatre ခန်းကို အခမ်းအနားပြုလုပ်ဖို့ ပါမောက္ခချုပ်ဆီသွားတောင်းပေမယ့် ခွင့်မပြုခဲ့လို့ နားနေဆောင်မှာပဲလုပ်ရတယ်။ တခြားပွဲတွေတော့ လုပ်တာတွေရှိတယ်။ ဇူလိုင် ၇ ရက်အခမ်းအနားကတော့ ဒဂုံတက္ကသိုလ်မှာ ပထမဆုံးလုပ်တာလို့ပြောလို့ရပါတယ်" ဟု ပြောကြားသည်။

အဆိုပါအခမ်းအနားတွင် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်ကဖြစ်ပွားခဲ့သော ရန်ကုန်တက္ကသိုလ်အတွင်းရှိ သမဂ္ဂအဆောက်အအုံအား ဗိုလ်ချုပ်နေ၀င်းအစိုးရက မိုင်းခွဲဖျက်ဆီးခဲ့မှုနှင့် ထိုသို့မိုင်းခွဲဖျက်ဆီးမှုနှင့် တက္ကသိုလ်အတွင်း အကြမ်းဖက်မှုများကြောင့် သေဆုံးခဲ့ရသော ကျောင်းသားများအကြောင်း သမိုင်း မှတ်တမ်းများကို မသိရှိသေးသူ ကျောင်းသား ကျောင်းသူများအား ဦးဆောင်ပြုလုပ်သည့် ကျောင်းသားများက ရှင်းလင်းပြောကြားခဲ့ကြပြီး အပြန်အလှန်မေးခွန်းများမေးမြန်းကာ ကဗျာရွတ်ဖတ်ခြင်းများလည်း ပြုလုပ်ခဲ့ကြ သည်။

၁၉၆၂ ခုနှစ်တွင် အာဏာသိမ်း ဗိုလ်ချုပ်နေ၀င်းအစိုးရ၏ တက္ကသိုလ်ကျောင်း ၀င်းအတွင်း ၀င်ရောက်ခြယ် လှယ်မှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့သည့် ကျောင်းသားများကို ဇူလိုင် ၇ ရက်တွင် လက်နက်များဖြင့် ရက်ရက် စက် စက်နှိမ်နင်းမှုများကြောင့် ကျောင်းသားများ ရာချီသေဆုံးခဲ့သည့်အပြင် ဇူလိုင် ၈ ရက်တွင် အဆိုပါနှိမ် နင်းမှုကြောင့် ဒဏ်ရာရကျောင်းသားများ နားခိုနေသည့် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ သမိုင်းဝင် ဗမာနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဆောက်အအုံကြီးကို ဗိုလ်ချုပ်နေ၀င်းအစိုးရက မိုင်းခွဲဖျက်ဆီးခဲ့သောကြောင့် ကျောင်းသားများ ထပ်မံသေဆုံးခဲ့ရပြီး ယင်းတို့ကိုအစွဲပြုကာ 7 July ပေါ်ပေါက်လာ ရခြင်းဖြစ်သည်။

Eleven Media Group 

No comments:

Post a Comment

My Blog List