Wednesday, July 09, 2014

အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲ စတင်ကျင်းပ


ကမ္ဘာမှာ စတုတ္ထလူဦးရေအများဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ သမ္မတရွေးကောက်ပွဲ မဲပေးတာတွေ ဒီနေ့ မနက် စတင်ပါတယ်။ဒီရွေးကောက်ပွဲမှာ အသက် ၆၂ နှစ်အရွယ် စစ်ဗိုလ်ချုပ်ဟောင်း ပရာဘိုဝို ဆူဘီ ယံတိုနဲ့ ဂျတာကာမြို့တော်ဝန် အသက် ၅၃ နှစ်အရွယ် ဂျိုကိုဝီ ဒိုဒိုတို့ထဲက တယောက်ကို ပြည်သူတွေက ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲဟာ သမ္မတကို ပြည်သူတွေက တိုက်ရိုက်ရွေးချယ်တဲ့ စနစ်နဲ့ ကျင်းပတဲ့ တတိယမြောက် သမ္မတရွေးပွဲဖြစ်ပြီး သမ္မတ ဆူစီလို ဘန်ဘမ်း ယူဒိုယိုနိုက ရွေးချယ်ခံရတဲ့ ခေါင်းဆောင်သစ်ကို အာဏာ လွှဲပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။

စစ်ဗိုလ်ချုပ်ဟောင်း ဆူဘီယံတိုဟာ ကွယ်လွန်သူ အင်ဒိုနီရှား အာဏာရှင် ဆူဟာတိုရဲ့ သမက်ဖြစ်ပြီး ဆူဟာတိုခေတ်မှာ ရာထူး အတက်မြန်ခဲ့ပါတယ်။

၁၉၉၈ လူထုအုံကြွမှုကာလမှာ တက်ကြွလှုပ်ရှားသူတွေကို ဖြိုခွင်းတဲ့ နေရာမှာ လူ့အခွင့်အရေး ချိုးဖောက်ခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်ခံရပေမယ့် သူက ငြင်းဆန်ပါတယ်။

လူထုအုံကြွမှုကို ဖြိုခွင်းတဲ့အချိန်မှာ အထက်အမိန့်အဆင့်ဆင့်ကို မနာခံဘဲ တပ်တွေကို သူ့သဘောနဲ့သူ အမိန့်ပေးခဲ့တယ်ဆိုပြီး စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ သူအနိုင်ရရင်တော့ ဈေးကွက်စီးပွားရေးမှာ ကန့်သတ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းလာနိုင်တယ် ဆိုတဲ့ စိုးရိမ်ချက်တွေလည်း ရှိပါတယ်။

သူရဲ့ပြိုင်ဘက် ဂျိုကိုဝီကတော့ လောလောဆယ် အင်ဒိုနီးရှားမှာ လူကြိုက်အများဆုံး နိုင်ငံရေးသမားအဖြစ် သတ်မှတ်ခံရသူ ဖြစ်ပါတယ်။

သူဟာ ဆင်းရဲသားမိသားစုကနေ မွေးဖွားခဲ့သူ ဖြစ်ပြီး ရိုးသားပြီး အကျင့်စာရိတ္တ ကောင်းတဲ့လူ၊ သူရဲ့ ဇာတိမြို့ဖြစ်တဲ့ ဆိုလိုမြို့နဲ့ ဂျကာတာ မြို့တော်ဝန်တာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ အရည်အချင်းပြည့်ဝသူအဖြစ် အသိအမှတ်ပြုခံရသူ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကို တနေ့တည်းနဲ့ အပြီး ကျင်းပမှာ ဖြစ်ပြီး အကြိုရလဒ်တွေလည်း ဒီနေ့မှာပဲ ထွက်ပေါ်လာ ဖွယ် ရှိပါတယ်။ရွေးကောက်ပွဲမှာ မဲပေးခွင့်ရသူ သန်း ၁၉၀ ရှိပြီး မဲပေးသူဦးရေ မြင့်မားဖွယ် ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ခန့်မှန်းထားပါတယ်။

မဲပေးခွင့်ရှိသူတွေထဲက ၁၁ ရာခိုင်နှုန်းဟာ ပထမဆုံးအကြိမ် မဲပေးကြမှာ ဖြစ်ပြီး ၃ ပုံ ၁ ပုံကတော့ အသက် ၃၀ အောက် လူငယ်တွေ ဖြစ်နေပါတယ်။

ဒီနေ့မနက်ပိုင်းမှာပဲ သမ္မတ ဆူစီလို ဘမ်ဘန်းယူဒိုယိုနိုနဲ့ ဇနီးတို့က ဂျကာတာအနီးက ပြည်နယ်ဖြစ်တဲ့ အနောက်ဂျားဗားက သူတို့ အိမ်နားက မဲရုံမှာ မဲပေးခဲ့ကြပါတယ်။

မဲပေးအပြီးမှာပဲ သမ္မတက ရွေးကောက်ပွဲရလဒ်ကို ဖွင့်ထားတဲ့ စိတ်နဲ့ လက်ခံကြဖို့နဲ့ ဒီမိုကရေစီကို လေးစားကြဖို့ နိုင်ငံရေးခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။

သမ္မတ ဆူစီလို ဘမ်ဘန်းယူဒိုယိုနိုကတော့ “အင်ဒိုနီးရှားဟာ အတိုင်းအတာတခုအထိ ရင့်ကျက်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်နေပါပြီး၊ ပြည်သူတွေကလည်း လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိပါတယ်။ ဒါကြောင့် နိုင်ငံရေးခေါင်းဆောင်တွေအားလုံး ပြည်သူတွေရဲ့ အခွင့်အရေးနဲ့ ပြည်သူတွေရဲ့ ခေါင်းဆောင်ကို လွတ်လပ်စွာ ရွေးချယ်ခွင့်ကို လေးစားဖို့ တိုက်တွန်းပါတယ် ပြောပြီး ပြည်သူတွေက ရွေးချယ်တဲ့ ပုဂ္ဂိုလ်ဟာ ပြည်သူတွေ ပေးအပ်တဲ့ တာဝန်တွေကို ထမ်းဆောင်ရမယ့် ပုဂ္ဂိုလ်ဖြစ်တယ်။ ပြည်သူတွေက ရွေးချယ်လိုက် တာနဲ့ ကျနော်တို့ရဲ့ တရားဝင် ခေါင်းဆောင်အဖြစ် သတ်မှတ်ရမယ်”လို့ ပြောပါတယ်။

သမ္မတ ယူဒိုယိုနိုဟာ အင်ဒိုနီးရှားမှာ တိုက်ရိုက်စနစ်နဲ့ သမ္မတကို ရွေးချယ်တဲ့ ပထမဆုံး ရွေးကောက်ပွဲမှာ ရွေးချယ်ခံခဲ့ရပြီး ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲမှာလည်း အနိုင်ရခဲ့ပါတယ်၊

ဒါပေမယ့် ပြီးခဲ့တဲ့ ၄ နှစ်သက်တမ်းအတွင်းမှာတော့ သူ့အစိုးရလက်ထက်မှာ အဂတိ လိုက်စားမှု စွပ်စွဲ ချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

လာမယ့် နိုဝင်ဘာလကျရင် ရာထူးကနေ အနားယူပြီး သမ္မတသစ်လက်ထဲကို အာဏာလွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List