Wednesday, July 09, 2014

တောင်ကိုရီးယားနှင့် ဆက်ဆံရေး ကောင်းအောင် လုပ်မည်ဟု မြောက်ကိုရီးယားဆို


တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့ကို ရန်လိုသော မှတ်ချက်များ၊ ထုတ်ပြန်ချက်များ မကြာခဏ ပြုလုပ်လေ့ရှိသော မြောက်ကိုရီးယားသည် ယခုအခါ တောင်ကိုရီးယားနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ရပ် ဖြစ်အောင် လုပ်ရမည်ဟု ပြောဆိုခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထား သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က နှစ်ဖက်အထိမခံသော ပင်လယ်ပြင် ရေပိုင်နက် နယ်စပ် အနီးတွင် ပြုလုပ်သော လက်နက်စမ်းသပ် ပစ်လွှတ်ခြင်း လေ့ကျင့်ခန်းကို လာရောက်ကြည့်ရှု စစ်ဆေးနေ ချိန်တွင် မြောက်ကိုရီးယား အစိုးရက စစ်ရေးအရ တင်းမာမှုများကို လျှော့ချရန် ဆော်သြလိုက်ခြင်းဖြစ်သည်။

မြောက်ကိုရီးယား အစိုးရသတင်းမီဒီယာ KCNA က တစ်ဆင့် ထုတ်ပြန်ခဲ့သော အစိုးရ ကြေညာချက်တွင် မဆင်မခြင် ကြမ်းတမ်းမှုများနှင့် ထိပ်တိုက်တွေ့မှုများကို ပြီးဆုံးရတော့မည့် အချိန်ဖြစ်ကြောင်း တောင်ကို ရီးယားကို ရည်ရွယ်ပြောကြားခဲ့ကာ အမေရိကန်ပြည်ထောင်စုနှင့် ပြုလုပ်မည့် နှစ်စဉ်လုပ်နေကျ စစ်ရေးလေ့ ကျင့်ပွဲကို မလုပ်တော့ရန်လည်း တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း မြောက်ကိုရီးယား ထိပ်တန်းစစ်အဖွဲ့က နှစ်ဖက်လုံးအနေနှင့် ရန်လိုသော စစ်ရေးအရ လှုပ်ရှားမှုများကို ရပ်တန့်ရန် ပြောဆိုခဲ့ရာ မြောက်ကိုရီးယားသည် နျူကလီးယားလက်နက် ထုတ်ရန် ကြိုးစားနေရင်း ထိုသို့ ပြောဆိုခြင်းမှာ အဓိပ္ပာယ် ကွဲလွဲနေကြောင်း တောင်ကိုရီးယားအစိုးရက တုံ့ပြန်ထားသည်။

နှစ်စဉ် ပြုလုပ်နေကြဖြစ်သော အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ကိစ္စကို ညှိနှိုင်းခြင်း မပြုကြောင်း တောင်ကိုရီးယားက အကြိမ်ကြိမ် ပြောဆိုပြီးသား ဖြစ်သည်။

မြောက်ကိုရီးယားသည် ငြိမ်းချမ်းရေးဆိုင်ရာ ကမ်းလှမ်းချက်များကို အခါအားလျော်စွာ ထုတ်ပြန်လေ့ရှိကာ များသောအားဖြင့် နိုင်ငံတကာ မျက်နှာစာတွင် လေလုံးထုတ်ခြင်းသာ ဖြစ်ခဲ့သည်။

ယခုတစ်ခေါက် တင်းမာမှု လျှော့ချရန် ကမ်းလှမ်းသည့် အချိန်သည် မြောက်ကိုရီးယား ခေါင်းဆောင် ကိုယ်တိုင် ရှေ့တန်းစခန်းများသို့သွားကာ ဒုံးကျည်ပစ်ခတ်နေမှုများကို သွားကြည့်သည့်အချိန်နှင့် တိုက်ဆိုင် နေသည်။

ပြီးခဲ့သည့် စနေနေ့ကလည်း ကင်သည် တောင်ကိုရီးယား ကျွန်းတစ်ခုကို တက်သိမ်းသည့် စစ်ဆင်ရေး ကဲ့သို့သော စစ်ရေးလေ့ကျင့်မှုတစ်ရပ်အပါအဝင် ကြည်းတပ်၊ ရေတပ်၊ လေတပ်များကိုလည်း သွားရောက် ကြည့်ရှုခဲ့သည်။

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့သည် ကိုရီးယားစစ်ပွဲ အပြီးတွင် အပြီးသတ် ငြိမ်းချမ်းရေးစာချုပ် မချုပ်ရသေးသဖြင့် စစ်ဖြစ်နေဆဲဟုဆိုရမည် ဖြစ်သည်။ နှစ်စဉ် စစ်ရေးလေ့ကျင့်ရန် အချိန်နီးစပ် လာသည် နှင့်အမျှ တင်းမာမှုများ မြင့်တက်လေ့ရှိပြီး အပြန်အလှန် ပစ်ခတ်မှုများပင် ဖြစ်လေ့ရှိသည်။


The Voice Weekly

No comments:

Post a Comment

My Blog List