Thursday, July 10, 2014

တပ်မတော်၏ မူဝါဒများဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖိအားမပေးရန် ဦးကိုကိုကြီး တိုက်တွန်း


တပ်မတော်က ထုတ်ပြန်ထားသော ငြိမ်းချမ်းရေးမူဝါဒ ခြောက်ချက်ဖြင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကို ဖိအားမပေးသင့်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးကိုကိုကြီး က တိုက်တွန်း ပြောကြားသည်။ 

အဆိုပါ တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သဘောထား ခြောက်ရပ်ကို ပြီးခဲ့သည့် ဇွန်လအတွင်းမှ စတင်ကာ တပ်မတော်ပိုင် မြဝတီရုပ်မြင်သကြားနှင့် နေ့စဉ်ထုတ် သတင်းစာများတွင် ပုံမှန် ထုတ်လွှင့်လျက် ရှိပြီး ယင်းမူဝါဒများတွင် လက်နက်ကိုင်တပ်ဖွဲ့များ၊ နိုင်ငံရေးအင်အားစုများ အနေနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေလက်ခံရန် တိုက်တွန်းမူများရှိနေပြီး ယင်းအချက်များသည် နိုင်ငံရေး အဖွဲ့အစည်းများကို ဖိအားပေး သကဲ့သို့ ဖြစ်နေကြောင်း ၎င်းကဆိုသည်။ 

“တပ်မတော်အနေနဲ့ သူ့သဘောထား၊ သူ့ခံယူချက်ပဲ ဆိုရင်တော့ သဘောထား ကွဲလွဲတယ်လို့ ယူဆလို့ ရတယ်။ ဒါပေမဲ့ ဒီအချက်ကို လက်ခံခိုင်းနေရင်တော့ ပြဿနာရှိတယ်” ဟု ဦးကိုကိုကြီးက ဇူလိုင် ၉ ရက်က ရန်ကုန်မြို့ PARK ROYAL ဟိုတယ်တွင် ပြုလုပ်ခဲ့သော Public Participation in Peace Process ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။ 

လက်ရှိ ပဋိပက္ခ ဖြစ်ရပ်များသည် ဖွဲ့စည်းပုံအားလုံးကို လက်မခံခြင်းကြောင့် ဖြစ်ပေါ်နေခြင်း ဖြစ်ပြီး ယခု ကဲ့သို့ နိုင်ငံရေး ဆွေးနွေးပွဲအဆင့် မရောက်ရှိသေးဘဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အဆင့်မှာပင် ကန့်သတ် ချက်များဖြင့် ဖိအားပေးနေခြင်း မဖြစ်သင့်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ 

အဆိုပါ တပ်မတော်ကထုတ်ပြန်ထားသော ငြိမ်းချမ်းရေးမူဝါဒ ခြောက်ရပ်တွင် တိုင်းရင်းသား လက်နက်ကိုင် များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြီးစီးသည့် အချိန်အထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုက်နာရန်၊ ဒေသခံ ပြည်သူများကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ လက်နက်ကိုင်များအနေနှင့် ငြိမ်းချမ်းရေး ရလိုစိတ်ဖြင့် ဆွေးနွေးပွဲများ ပါဝင်ဆွေးနွေးရန် စသည့် အချက်များ ပါဝင်သည်။ 

တပ်မတော်က ငြိမ်းချမ်းရေး မူဝါဒအဖြစ် အချက်ခြောက်ချက်ကို ပြဋ္ဌာန်းကာ ထိုအချက် ခြောက်ချက်ဖြင့်သာ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို ဆက်လက် လုပ်ဆောင်ရန် တိုက်တွန်းထားပြီး ထိုအချက် ခြောက်ချက်သည် လည်း တိုင်းရင်းသား အဖွဲ့အစည်းများ အကြားတွင် အငြင်းပွားလျက် ရှိကြောင်း PARK ROYAL ဟိုတယ် တွင် ပြုလုပ်ခဲ့သော Public Participation in Peace Process ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့သူ အချို့က ပြောဆိုသည်။ 

(ရဲမင်းအောင်)
The Voice Weekly

No comments:

Post a Comment

My Blog List