Thursday, July 10, 2014

မြန်မာအိမ်အကူများကို ကာကွယ်ပေးမည်ဟု မြန်မာသံရုံး ထုတ်ပြန်


အကြောင်းအမျိုးမျိုးကြောင့် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေပြီး အမှုအခင်းမျိုးစုံဖြင့် ရင်ဆိုင်နေရသော မြန်မာ အိမ်အကူများကို စင်ကာပူနိုင်ငံ၏ ဥပဒေ ဘောင်အတွင်းက ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံအခြေစိုက် မြန်မာသံရုံးက ဇူလိုင်လ ၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

စင်ကာပူနိုင်ငံတွင် အိမ်အကူများ အနေနှင့် တစ်ပတ်လျှင် ၁ ရက်နားခွင့် ရှိရန်၊ နားရက်မယူပါက အစားထိုးအဖြစ် လုပ်ခရရှိရန်၊ အသက်အာမခံရှိရန်၊ ဆေးရုံတက် ထိခိုက်နာကျင် ကုသမှုများအတွက် စင်ကာပူဒေါ်လာ ၁၅,၀၀၀ သုံးစွဲခွင့်ရှိရန်၊ နေထိုင်မကောင်းဖြစ်ပါက ဆေးခန်းပြခွင့်ရှိရန်၊ လုံလောက်သော အစားအစာနှင့် အိပ်ချိန်ရရှိရန်၊ အိမ်အကူများအတွက် အိပ်ခန်းသတ်သတ် ထားပေးရန်တို့ ပါဝင်သည့်အပြင် Work Permit တွင် ဖော်ပြထားသော လိပ်စာမဟုတ်ဘဲ အလုပ်ရှင် ပိုင်ဆိုင်သော စက်ရုံ၊ အလုပ်ရုံတို့တွင် လုပ်ကိုင်နေရခြင်းတို့ကို စင်ကာပူရှိ မြန်မာသံရုံးသို့ အချိန်မရွေးလာရောက် အကူအညီ တောင်း ခံနိုင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။

မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ပါဝင်သော အချက်အလက်များသည် Ministry Of Manpower (MOM) က သတ်မှတ်ထားသော နိုင်ငံခြားသား အလုပ်သမားများဆိုင်ရာ ဥပဒေများတွင် ပါဝင်ပြီး ဖြစ်ပြီး အဆိုပါ ဥပဒေများကို လိုက်နာခြင်း မရှိသည့် အလုပ်ရှင် အိမ်ရှင်များကို MOM ထံ တိုင်ကြားပါက MOM က အဆိုပါ ဥပဒေများကို ချိုးဖောက်သည့် အလုပ်ရှင် အိမ်ရှင်များကို အေးဂျင့်များမှ တစ်ဆင့်သော် လည်းကောင်း၊ တိုက်ရိုက်သော် လည်းကောင်း အရေးယူလျက်ရှိပြီး မြန်မာသံရုံး အနေနှင့် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည်ကို တိတိကျကျ သိရှိလိုကြောင်း မြန်မာအိမ်အကူများအရေးကို ကူညီဆောင်ရွက်ပေးနေ သည့် Helping Hands for Immigrant Workers, Singapore အဖွဲ့မှ ဒေါ်အေးမာမာက သုံးသပ် ပြောကြားသည်။

“အခုလောလောဆယ်အထိ သံရုံးကို ဖုန်းဆက်ရင်တောင် မကိုင်တာ ဘယ်လိုလုပ်ပြီး တိုင်ကြားသူတွေက ယုံကြည်မလဲ” ဟု ၎င်းက လက်ရှိအခြေအနေကို မေးခွန်းထုတ်သည်။

စင်ကာပူရောက် မြန်မာအိမ်အကူ အများစုသည် အိမ်ရှင်များ၏ မတရားခိုင်းစေခြင်း၊ ညအိပ်ချိန် မမှန်ခြင်း၊ အစားအစာ လုံလောက်စွာ စားသုံးခွင့် မရှိခြင်း၊ အိပ်ရာအခန်း စသည်တို့ သီးသန့်မရရှိခြင်း၊ ခွင့်ရက်မရခြင်း၊ စာချုပ်တွင် လူငါးဦး ရှိသည်ဟု ချုပ်ဆိုထားသော်လည်း အိမ်တွင် ငါးဦးထက် များနေခြင်း၊ အလုပ်သမားကတ်တွင် ပါဝင်သည့် လိပ်စာ မဟုတ်ဘဲ အခြားနေရာများတွင်ပါ လုပ်ကိုင်နေရခြင်းတို့ကို ကြုံတွေ့နေရကြောင်း စင်ကာပူရောက် မြန်မာအိမ်အကူများထံမှ စုံစမ်းသိရှိရသည်။

“စာချုပ်ချုပ်တုန်းက အိမ်မှာ လူငါးယောက်ရယ်၊ ခွေးတစ်ကောင်ရယ်၊ ကားတစ်စီးရယ်ပဲ ရှိတယ်လို့ဆို စာချုပ်ချုပ်တယ်။ အိမ်မှာကျတော့ လူက ခြောက်ယောက်၊ ကားကနှစ်စီး၊ ကြွက်က နှစ်ကောင် ထပ်ပိုလာတယ်။ အိပ်ချိန်ကလည်း ၁၀ နာရီအိပ် ၆ နာရီ ထရမယ် ဆိုပြီး တစ်ခါတစ်ရံ ည ၁ နာရီမှ အိပ်ရတယ်။ အမြဲတမ်းနီးနီးက ၁၂ နာရီမှ အိပ်ရတယ်။ နှစ်သစ်ကူးတုန်းက မလေးရှားမှာ ရှိတဲ့ အိမ်ရှင်ရဲ့ မိသားစုအိမ်မှာ ၁၀ ရက် အလုပ်လုပ်ခဲ့ရသေးတယ်။ သူတို့ တစ်နှစ်လုံး မလုပ်ခဲ့တာတွေကို ခိုင်းတာ။ သံရုံးကို တိုင်ကြားဖို့ကတော့ လောလောဆယ် သည်းခံနိုင်သေးတော့ တိုင်ဖို့မရှိဘူး။ တိုင်မယ်ဆိုရင်လည်း အစ်မကြီး မအေးမာမာတို့နဲ့ တိုင်ပင်ပြီး လုပ်ပါမယ်” ဟု စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသည့် အသက် ၂၇ နှစ် အရွယ်ရှိ မနန်းက လက်ရှိ အခြေအနေကို ပြောဆိုသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ The Voice က မြန်မာသံရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော ဖုန်းများမှာ ဆက်သွယ်၍ မရပေ။ စင်ကာပူနိုင်ငံတွင် မြန်မာအိမ် အကူဦးရေ သုံးသောင်းခွဲ ဝန်းကျင်ခန့် ရှိသည်ဟု Helping Hands for Immigrant Workers, Singapore က ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List