Wednesday, July 09, 2014

ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချနေပြီလား


ပဋိပက္ခတွင် ကွယ်လွန်သွားသော ကိုထွန်းထွန်း ၏မိခင် ၀မ်းနည်းစွာ ငိုကြွေးနေစဉ်

ပဋိပက္ခတွင် ကွယ်လွန်သွားသော ဦးစိုးမင်း၏ မိသားစုဝင်များ ငိုကြွေးနေစဉ် 


အိမ်ဦးနတ်ဖြစ်သူ ကိုထွန်းထွန်း မိသားစုနှင့်ခွဲခွာသွားချိန်မှာ မနွယ်နီတွင် ကလေးသုံးဦးနှင့်အတူ တစ်သိန်း ပင် မပြည့်သော လစာငွေတို့သာ ကျန်ရစ်ခဲ့သည်။ မိသားစုစားဝတ်နေရေးကို ပင်တိုင်ဖြေရှင်းပေးနေသည့် ခင်ပွန်းဖြစ်သူ ကိုထွန်းထွန်းသည် ဇူလိုင် ၂ ရက်က ဆုံးပါးသွားပြီးနောက် ကလေးသုံးဦးနှင့် အနာဂတ်ကို ဘယ်လိုခရီးဆက်မလဲတွေးရင်း မနွယ်နီတစ်ယောက် သောကကြီးစွာရောက်နေသည်။

လူမမည်သားသမီးသုံးဦးရှိသော ကိုထွန်းထွန်းနှင့် မနွယ်နီတို့ မိသားစုသည် ချမ်းသာသူများ မဟုတ် ကြသော်လည်း ဘဝကိုအဆင်ပြေအောင် တည်ဆောက်နိုင်ခဲ့သလို သားသမီးသုံးဦးစလုံးကို ကျောင်းထား နိုင်ရန် ကိုထွန်းထွန်း၏ လေဂဟေဆိုင်က အကူအညီဖြစ်ခဲ့ပြီး မနွယ်နီကတော့ တစ်လလစာငွေ ကိုးသောင်း ခန့်ရသည့် အစိုးရဝန်ထမ်းဖြစ်သည်။

ကိုထွန်းထွန်းက လေဂဟေဆိုင်ပိတ်သည်နှင့် ည ၁၁ နာရီခန့်အထိ ရွှေကြေးစည်လူမှုကူညီရေးအသင်းတွင် စေတနာ့ဝန်ထမ်းအဖြစ် နာရေးကားမောင်းသည်။

ပျော်ရွှင်စွာနေထိုင်တတ်မှု၊ ကားမောင်းကျွမ်းကျင်မှုနှင့် သူတစ်ပါး အကူအညီလိုလျှင် အိမ်အလုပ်ပစ်ကာ နေ့ညအချိန်မရွေး ကူညီပေးမှုများကြောင့် ဆက်ဆံဖူးသူတိုင်းက ကိုထွန်းထွန်းကို ချစ်ခင်ကြသည်။ ကိုထွန်းထွန်းတို့၏ ပျော်ရွှင်ဖွယ်ရာ မိသားစုဘဝလေးမှာ ဇူလိုင် ၂ ရက် ညပိုင်းတွင် အဆုံးသတ်ခဲ့သည်။

‘‘အိမ်ထောင်ဦးစီးတစ်ယောက်လုံး ဆုံးရှုံးသွားတော့ အရမ်းအကျပ်အတည်း ဖြစ်တယ်။ အရမ်းဝမ်း နည်းတယ်။ ကျွန်မရဲ့ ဝန်ထမ်းလစာနဲ့ ကလေးတွေ ပညာရေး၊ သူတို့ရှေ့ရေးအတွက် စိုးရိမ်တယ်’’ဟု မနွယ်နီကပြောသည်။

အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရသည်ဟူသော သတင်းကို အခြေခံကာ မန္တလေးမြို့တွင် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခအသွင် အုပ်စုဖွဲ့အကြမ်းဖက်မှုများ ဇူလိုင် ၁ ရက် ညမှစတင်ကာ ဖြစ်ပွားခဲ့သည်။ ဇူလိုင် ၂ ရက် ညတွင် အုပ်စုဖွဲ့အကြမ်းဖက်တိုက်ခိုက်ခံရမှုများကြောင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။

တစ်ဦးမှာ စေတနာ့ဝန်ထမ်းနာရေးကားမောင်းသည့် ဗုဒ္ဓဘာသာဝင် ကိုထွန်းထွန်းနှင့် ကျန်တစ်ဦးမှာ မန္တလေးတွင်မွေး၊ မန္တလေးတွင်ကြီးကာ စက်ဘီးဆိုင်ဖွင့်လှစ်ထားပြီး ဘဝကိုရိုးရှင်းစွာဖြတ်သန်းနေသော အစ္စလာမ်ဘာသာဝင် ကိုစိုးမင်းတို့ဖြစ်သည်။ မည်သူမည်ဝါ သဲကွဲစွာမသိသော လူအုပ်စု၏ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် သူတို့နှစ်ဦး ဆုံးပါးခဲ့ရသည်။

 ‘‘ဘယ်သူ့ကို အပြစ်ပြောရမှန်းကို မသိတော့ပါဘူး။ ဘယ်သူ့ကိုမှလည်း အပြစ်မတင်ချင်တော့ပါဘူး။ ကျွန်မမှာတော့ အခုအရမ်းဒုက္ခတွေ့နေရတယ်။ သမီးလေးနှစ်ယောက်နဲ့ မအေအိုကြီးလည်း ရှိတယ်။ အဖြစ်ကဆိုးပါတယ်ရှင်’’ဟု အဓိကရုဏ်းကာလအတွင်း အုပ်စုဖွဲ့အကြမ်းဖက်သူများ၏ တိုက်ခိုက်ခံရ မှုကြောင့် ဆုံးပါးခဲ့ရသည့် အသက်(၅၁)နှစ်အရွယ် ကိုစိုးမင်း၏ဇနီးသည် မမာဂရက်ကပြောသည်။

ကိုစိုးမင်းနှင့် မမာဂရက်တို့သည် စက်ဘီးဆိုင်ဖွင့်ထားပြီး ခုနစ်တန်းနှင့် လေးတန်းတွင် ပညာသင်ကြားနေ ကြသည့် သမီးငယ်နှစ်ဦးရှိသည်။ ကိုစိုးမင်း ဆုံးပါးသွားပြီးနောက် သမီးများ၏ ပညာရေး၊ စားဝတ်နေရေး များအတွက် သူပူပန်နေသည်။

‘‘အစ်ကို့ရဲ့ စက်ဘီးဆိုင်လေးရှိတယ်။ ကျွန်မလည်း ဈေးရောင်းတတ်တော့ အဲဒီဆိုင်လေးနဲ့ပဲ ဈေးဆက် ရောင်းပြီး ရှေ့ဆက်ရမှာပေါ့’’ဟု ကိုစိုးမင်းဆုံးပါးပြီး ငါးရက်အကြာတွင် ငိုကြွေးရင်း သတင်းထောက်အား ၎င်း၏ခံစားချက်ကို ရင်ဖွင့်သည်။

အစ္စလာမ်ဘာသာဝင် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ညီအစ်ကိုနှစ်ဦးက ၎င်းတို့ဆိုင်တွင် အလုပ်လုပ်သူ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သည်ဟူသော သတင်းများ ဇွန်လကုန်မှစတင်ကာ အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။

ယင်းသတင်းအပေါ် အခြေခံကာ အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်တို့ကြား အမုန်းပွားစေမည့် သွေးထိုးလှုံ့ဆော်မှုများ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ဆက်တိုက်ပြုလုပ်ခဲ့ကြပြီး ဇူလိုင် ၁ ရက် ညမှစတင်ကာ မန္တလေးမြို့တွင် အုပ်စုဖွဲ့အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။

ဇူလိုင် ၁ ရက်မှ ဇူလိုင် ၄ ရက်အထိ မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအသွင် အုပ်စုဖွဲ့အကြမ်းဖက်မှုများကြောင့် နှစ်ဦးသေဆုံးကာ ရဲတပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ အဓိကရုဏ်းများကြောင့် ဇူလိုင် ၃ ရက်မှစတင်ကာ မန္တလေးမြို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုမြို့တော်နှင့် နိုင်ငံအတွင်း ဗုဒ္ဓဘာသာ အထွန်းကားဆုံးမြို့တော်အဖြစ် သတ်မှတ်ထားသည့် မန္တလေးမြို့တွင် ယခုကဲ့သို့ ဘာသာရေး၊ လူမျိုးရေးအသွင်ဆောင် အုပ်စုဖွဲ့ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာမှုနှင့်ပတ်သက်၍ မြို့ခံအများစုက ထိတ်လန့်အံ့သြပြီး မယုံနိုင်အောင် ဖြစ်ခဲ့ ရသည်။

လူဦးရေ ၁ ဒသမ ၂ သန်းကျော် နေထိုင်ပြီး မြန်မာနိုင်ငံ၏ တတိယမြို့တော် မန္တလေးမြို့တွင် ယခုကဲ့သို့ အဓိကရုဏ်းများ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့ တွင် တာဝန်မကင်းဟု မြို့ခံအချို့က မှတ်ယူသည်။

‘‘ဒါက ဘာမှအစရှာမရတဲ့ နိုင်ငံရေးအရ လှည့်ကွက်ကြီးတစ်ခုပါ။ မွတ်စလင်တွေကို ထိုးကျွေးခံရတာပါ’’ဟု ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအသင်း (မန္တလေးတိုင်းဒေသကြီး) ဒုဥက္ကဋ္ဌ အစ္စလာမ်ဘာသာရေး အဖွဲ့ခေါင်းဆောင် ဦးသိန်းဝင်းအောင်က မှတ်ချက်ပြုသည်။

ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဘာသာရေးကို အသုံးပြုပြီး နိုင်ငံရေး လုပ်ခြင်းသည် အခြေခံဥပဒေနှင့် မကိုက်ညီကြောင်း မန္တလေးပဋိပက္ခနှင့် ပတ်သက်၍ ဇူလိုင် ၄ ရက်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရန် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ဆန္ဒပြုလက်မှတ်များ ကောက်ခံနေချိန်၊ ဒီမိုကရေစီပန်းတိုင်ကြီးဆီသို့ ရဲရဲဝံ့ဝံ့ချီတက်နေချိန်တွင် အနှောင့်အယှက် အဟန့်အတားဖြစ်စေရန် ယခုကဲ့သို့ ပဋိပက္ခများ ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

လူနှစ်ဦး သေဆုံးသည်အထိ ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်းတွင် ဆရာတော်၊ သံဃာတော်များ ပါဝင် ပတ်သက်ခြင်းမရှိဘဲ ဆရာတော်၊ သံဃာတော်များက အုပ်စုဖွဲ့အကြမ်းဖက်မှုများ ရပ်တန့်သွားစေရန် အာဏာပိုင်အဖွဲ့များနှင့်ပူးပေါင်းကာ ၀ိုင်းဝန်းထိန်းသိမ်းကြပ်မတ်ခဲ့သည်ဟု အထက်မြန်မာပြည် မြန်မာနိုင်ငံ လုံးဆိုင်ရာသံဃာ့သမဂ္ဂများအဖွဲ့ချုပ်မှနာယကဆရာတော်ဦးကာဝိယ(ဂဋုန်နီဆရာတော်)က မိန့်ကြားသည်။

မန္တလေးပဋိပက္ခဖြစ်စဉ်ကို ပြန်လည်သုံးသပ်လျှင် သွေးထိုးလှုံ့ဆော်မှုများ အမှန်တကယ်ရှိခဲ့ပြီး နောက်ကွယ် မှ ကြိုးကိုင်မှုများရှိနေနိုင်သည်ဟု မြို့ခံများက ယူဆနေကြသည်။

‘‘မန္တလေးက ပဲလှော်ကြားမှာ ဆားညှပ်ခံရတာ။ ဘာမှမဟုတ်ဘူး။ တို့မန္တလေးသူ၊ မန္တလေးသားတွေက ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ ဘိုးစဉ်ဘောင်ဆက်နေလာခဲ့ကြတာ။ ၄၃၆ အရှိန်ကို လှမ်းရိုက်တာပဲ’’ဟု မန္တလေးမြို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု ကော်မတီဝင် ဦးသိန်းတန်က မန္တလေးအဓိကရုဏ်းဖြစ်စဉ်အပေါ် သုံးသပ်ပြောကြားသည်။

‘‘လွန်ခဲ့တဲ့ရက်တွေက ပျဉ်းမနားမှာဖြစ်ခဲ့တဲ့ ပြဿနာကနေ ဘာလို့မန္တလေးမှာ ပဋိပက္ခဖြစ်ရတာလဲ။ ပျဉ်းမနား မှာဖြစ်တဲ့ဟာကို အစောကြီးကတည်းက ဖမ်းဆီးလိုက်ရင် ရရဲ့သားနဲ့ အခုကျမှ ပြန်လာဖြစ်တယ်ဆိုတာ မဖြစ်သင့်ဘူး’’ဟု ၎င်းကပြောသည်။

လမ်းမပေါ်တွင် အုပ်စုဖွဲ့အကြမ်းဖက်မှုများ မဖြစ်ပွားမီကတည်းကပင် အင်တာနက်နှင့် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဘာသာရေး၊ လူမျိုးရေးအရ သွေးထိုးလှုံ့ဆော်မှုများ၊ ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင် အစွန်းရောက်လူငယ်အချို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် အစွန်းရောက်သည့် စကားလုံးအသုံးအနှုန်းများဖြင့် ရုန့်ရင်းကြမ်းတမ်းစွာ အပြန်အလှန်တိုက်ခိုက်နေမှုများ ရှိနေခဲ့သည်ဟု မြို့ခံများကပြောသည်။

ပဋိပက္ခများအစပျိုးရာ ဇူလိုင်၂ ရက်ညတွင် လမ်းပေါ်ထွက်လာသည့် လူအုပ်စုများအား တားဆီးထိန်း သိမ်းနိုင်ခြင်း မရှိခြင်းကြောင့်လည်း ပဋိပက္ခပိုမိုဆိုးရွားသွားစေခဲ့သည်ဟု မြို့ခံများက သုံးသပ်ကြသည်။

အစ္စလာမ်ဘာသာဝင်များအနေနှင့် စိုးရိမ်ကြောက်လန့်နေခဲ့ကြသော်လည်း ဆိုင်ကယ်များဖြင့် လမ်းပေါ်တွင် အုပ်စုဖွဲ့သောင်းကျန်းနေသူများမှာ အပျော်သဘောဖြစ်နေသည်ဟု မြို့ခံအစ္စလာမ်ဘာသာဝင်တစ်ဦး ကပြောသည်။

‘‘အများစုက လူငယ်တွေ။ သူတို့က လမ်းကြားတွေ၊ ၀င်းတွေထဲ မ၀င်ဘူး။ လမ်းမကြီးတွေပေါ်မှာပဲ လျှောက် သွားပြီး အုပ်စုဖွဲ့အပျော်သဘောနဲ့ လုပ်နေကြတာ။ အဲဒါတွေကို တားဆီးနိုင်ရင် ဘာမှဆက်ဖြစ်လာစရာ မရှိဘူး’’ဟု အစ္စလာမ်ဘာသာဝင်အမျိုးသမီးကပြောသည်။

 မန္တလေးပဋိပက္ခကိုကြည့်လျှင် ကနဦးတွင် ဆိုင်ကယ် သုံး၊ လေးစီးဖြင့် လူတစ်စုက အော်ဟစ်လှုံ့ဆော် သွားပြီး အများစုမှာ စူးစမ်းသည့်အနေနှင့် သွားရောက်ကြည့်ရှုနေကြရာမှ လူအုပ်စုများ ဖြစ်သွားကြခြင်း ဖြစ်သည်ဟု မြို့မိမြို့ဖတစ်ဦးက ပြောသည်။ နောက်ကွယ်မှ ကြိုးကိုင်သည်ဆိုခြင်းထက် မူးယစ်ရမ်းကား သည့် လူတစ်စုက လိုက်လံလှုံ့ဆော်နေခြင်းဖြစ်သည်ဟု ၎င်းကပြောကြားသည်။

လုံခြုံရေးဆိုင်ရာဆောင်ရွက်မှု အားနည်းခြင်းနှင့် ဖမ်းဆီးအရေးယူနိုင်မှု အားနည်းခြင်းများကြောင့် ဇူလိုင် ၂ ရက်တွင် လူသေဆုံးသည်အထိ အကြမ်းဖက်မှုများ ဖြစ်ပွားလာရခြင်းဖြစ်သည်။ အချိန်ကိုက်ထွက်ပေါ်လာ ခဲ့သော ကောလာဟလများကြောင့်လည်း ပဋိပက္ခကို ပိုမိုဆိုးရွားစေခဲ့သည်။

‘‘ကောလာဟလတွေကြောင့် ဒီပဋိပက္ခတွေ ပိုမိုကြီးထွားလာတယ်။ ကျွန်တော်တို့ မန္တလေးမှာ ဖြစ်သွားတာဆိုရင် ဗုဒ္ဓဘာသာနဲ့ မွတ်စလင် လူနှစ်ယောက် အသတ်ခံရတယ်။ အဲဒါက တစ်အုပ်စုတည်းက လုပ်သွားတာလား။ ပစ္စည်းလုတာလား။ လူသတ်တာလား။ ဘာကြောင့်ဖြစ်တာလဲမသိဘူး။ ဒါပေမဲ့ မွတ်စလင်ကို ဗုဒ္ဓဘာသာက သတ်တယ်။ ဗုဒ္ဓဘာသာကို မွတ်စလင်က သတ်တာဆိုတာမျိုး ဖြစ်သွား တယ်’’ဟု ကောလာဟလများ သတိထားရန် အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဦးသိန်းဝင်းအောင် ကပြောသည်။

ပဋိပက္ခတွင် လူသေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခြင်းများ ဖြစ်ပေါ်ခဲ့သော်လည်း ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်များ နှစ်ဖက်အုပ်စု ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့မှုများမရှိခဲ့ဟု မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုးက ဇူလိုင် ၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

အုပ်စုဖွဲ့အကြမ်းဖက်မှုများတွင် ပါဝင်ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးကာ ဥပဒေနှင့်အညီ ထိရောက် သော အရေးယူအပြစ်ပေးမှုများ ပြုလုပ်ပေးစေလိုကြောင်း မန္တလေးမြို့ဘာသာပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များက တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တောင်းဆိုခဲ့ကြသည်။

ထိရောက်သော ဖမ်းဆီးအရေးယူမှုများ ပြုလုပ်မည်ဆိုလျှင် အုပ်စုဖွဲ့အကြမ်းဖက်မှုများကို ဟန့်တားနိုင်ပြီး မြို့ရွာတည်ငြိမ်အေးချမ်းရေး အထောက်အကူပြုမည်ဟု ဘာသာပေါင်းစုံခေါင်းဆောင်များက ၀န်ကြီးချုပ်ကို အကြုံပြုသည်။

မိတ္ထီလာဖြစ်စဉ်တွင် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများပေါ် အခြေခံကာ မန္တလေးပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်ထားသူများအား မည်သူမည်ဝါမခွဲခြားဘဲ ထိရောက်သော အပြစ်ပေးအရေးယူမှုများ ပြုလုပ်မည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးရဲမြင့်က ဇူလိုင် ၃ ရက်က ဘာသာပေါင်းစုံအဖွဲ့များအား ကတိပေးပြောကြားသည်။

သို့သော် အဓိကရုဏ်းတွင် ပါဝင်ခဲ့သူအများစုနှင့် အုပ်စုဖွဲ့လူသတ်မှုကျူးလွန်ခဲ့သူများကို ယနေ့တိုင် ဖမ်းဆီး ရမိခြင်းမရှိသေးပါ။ ဇူလိုင် ၇ ရက်အထိ လူ ၁၆ ဦးကို ဖမ်းဆီးထားပြီး ဗမာ ၁၁ ဦးနှင့် မွတ်စလင် ငါးဦးဖြစ်ကြောင်း ၀န်ကြီးချုပ်ကပြောသည်။

မွတ်စလင်ငါးဦးမှာ ဂျွန်းဗလီအတွင်း လက်နက်များတွေ့ရှိမှုဖြင့် ဖမ်းဆီးထားခြင်းဖြစ်ပြီး မြန်မာ ၁၁ ဦး တွင်လည်း အဓိကရုဏ်းကာလအတွင်း လှုံ့ဆော်သူများနှင့် ဖျက်ဆီးသူများသာ ပါဝင်သည်ဟု ဆိုသည်။

ထို့အပြင် အဓိကရုဏ်းများ စတင်ဖြစ်ပေါ်စေခဲ့သည့် အဓိကအကြောင်းရင်းဖြစ်သည့် အဓမ္မပြုကျင့်မှုများမှ သံသယရှိသူများကို ယနေ့အချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးပေ။ နေကဖေးနှင့် ဆန်းကဖေး လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးနေ၀င်းနှင့် ဦးဆန်းမောင်တို့ ညီအစ်ကိုနှစ်ဦးသည် ဇွန်လ ၂၈ ရက်က ၎င်းတို့လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်သူ အမျိုးသမီးငယ်တစ်ဦးအား နေပြည်တော်တွင် ဆိုင်သစ် ဖွင့်ရန်ဟုဆိုကာ ကားဖြင့်တင်ဆောင်ခေါ်ယူလာပြီး ပျဉ်းမနားမြို့အနီးတွင် အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

၎င်းတို့နှစ်ဦးကို အဓမ္မပြုကျင့်မှုအတွက် အရေးယူပေးပါရန် အမျိုးသမီးငယ်က တိုင်ကြားထားပြီး ပျဉ်းမနားမြို့မရဲစခန်းတွင် ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားသည်ဟု ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဆန်းကဖေးဆိုင်ပိုင်ရှင်၏ ဇနီးဖြစ်သူကမူ ဆိုင်တွင် အမျိုးသမီးအလုပ်သမားမရှိဘဲ ၎င်းကိုယ်တိုင် ထမင်းချက်သည်ဟု လူစုလူဝေးများ စတင်ဖြစ်ပေါ်သည့် ဇူလိုင် ၁ ရက်က မီဒီယာများအား ပြောထားသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုးကမူ အဓမ္မပြုကျင့်ခံရသည့် မစိုးစိုးဆိုသည့် အမျိုးသမီးမှာ မေလ၂၈ ရက်တွင် ဆန်းကဖေးလက်ဖက်ရည်ဆိုင်တွင် အကူထမင်းချက်အနေဖြင့် အလုပ်စ၀င်ပြီး တစ်လပြည့်သည့် ဇွန်လ ၂၈ ရက်တွင် အဓမ္မပြု ကျင့်ခြင်းခံရသည်ဟု ပြောကြားထားသည်။

မစိုးစိုးသည် ဘုတလင်မြို့ဇာတိဖြစ်ပြီး အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့ကာ ကလေးတစ်ဦးရှိပြီး လွန်ခဲ့သည့်သုံးနှစ်ခန့်က အိမ်ထောင်ကွဲသွားကာ ယခုကဲ့သို့ လက်ဖက်ရည်ဆိုင်သို့ လာရောက် အလုပ် လုပ်စဉ် အဓမ္မပြုကျင့်ခံရသည်ဟု ထွက်ဆိုထားကြောင်း ပြောသည်။ လက်ရှိတွင် မစိုးစိုးသည် ပျဉ်းမနား ရဲစန်း၌ရှိနေပြီး မှုခင်းဖြစ်စဉ်အတွက် စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ၎င်းကဆိုသည်။

‘‘ဘာမှမဟုတ်တဲ့ ရာဇ၀တ်မှုကို အခြေခံပြီးမှ ဖြစ်တယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပဲ။ ဆွေစဉ်မျိုးဆက် တစ်လျှောက်လုံး နှစ်အိမ်တစ်အိမ်နေလာကြတာ။ ခုတော့ မလိုလားအပ်တဲ့ သံသယတွေ ဖြစ်လာကြပြီ’’ဟု မန္တလေးမြို့ခံ စာရေးဆရာဆူးငှက်ကပြောသည်။

မြန်မာ့ယဉ်ကျေးမှုမြို့တော်ကြီးမှာတော့ လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင် ပဋိပက္ခများကြောင့် သွေးစွန်း ခဲ့ရပြီဖြစ်သည်။ အစွန်းရောက်သူများကြောင့် မြေစာပင်အဖြစ် ကိုထွန်းထွန်းနှင့် ကိုစိုးမင်းတို့ အသက်ပေး ခဲ့ရလေပြီ။

 ‘‘မိသားစုဘ၀တွေအားလုံး လုံလုံခြုံခြုံဖြစ်စေချင်တယ်။ တခြားသူတွေကို ကျွန်မတို့လိုမဖြစ်စေချင်ဘူး။ အေးအေးချမ်းချမ်းပဲ ရှိနေစေချင်တယ်’’ဟု မမာဂရက်ကပြောသည်။

အသက်လေးနှစ်ခွဲအရွယ် အငယ်ဆုံးသားက ဖခင်ဆုံးပါးသွားသည်ကို သေချာမသိဘဲ တစ်ခါတရံ မေးနေ တတ်သေးသည်ဟု မနွယ်နီကပြောသည်။

‘‘လူတိုင်းကို ကျွန်မလို မခံစားရပါစေနဲ့။ မဖြစ်သင့်တာတွေမဖြစ်အောင် တာဝန်ရှိသူတွေကလည်း တားဆီး ပေးကြပါ။ အခုဖြစ်ခဲ့တာတွေအပေါ်မှာလည်း တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးကြပါလို့ ပြောချင်ပါ တယ်’’ဟု မနွယ်နီကဆိုလေသည်။          

7Day News Journal

No comments:

Post a Comment

My Blog List