Thursday, July 10, 2014

ကရင်လက်နက်ကိုင်များ ပူးပေါင်းပြီး မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်း


ကေအန်ယူ အပါအ၀င် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီတခုကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဖွဲ့စည်းလိုက်ပါတယ်။ ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဖွဲ့စည်း ထားတဲ့ ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေး ကော်မတီကနေပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော် မတီတခုကို ဇူလိုင်လ ၈ ရက်နေ့က အရေးပေါ် အစည်းအဝေး ခေါ်ယူ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံစွဲမှု ကျယ်ပြန့်လာနေသလို ကျောင်းသူကျောင်းသား လူငယ်တွေ အထိ သုံးစွဲဖောက်ကားရောင်းဝယ်မှုတွေ ရှိလာနေပြီး ကရင်ပြည်သူထုတွေရဲ့ တောင်းဆိုချက်အရ အခုလို ကော်မတီဖွဲ့စည်း ဆောင်ရွက်ရတာလို့ ကေအန်ယူ တပ်မဟာ ၇ လက်အောက်ခံ ကေအန်အယ်လ်အေ တပ်ရင်း (၁၀၁) ဗိုလ်မှူးကြီး စောဖောဒိုက ပြောပါတယ်။

“ကရင်ပြည်နယ်မှာ ရှိတဲ့ ပြည်သူတရပ်လုံးက တောင်းဆိုမှုတခု ရှိပါတယ်။ မူးယစ်ဆေးဝါး ပြဿ နာကို ကရင် လက်နက်ကိုင်စည်းလုံး ညီညွတ်ရေးကော်မတီအနေနဲ့ ကူညီဆောင်ရွက်ပေးပါ။ ကျနော်တို့ သား၊ သမီးတွေ ဟာ ဘ၀ပျက်စီးနေပါပြီ။ တချို့ပြောတာ ဘားအံမှာ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေလည်းပဲ အထက်တန်း ကျောင်းမှာလည်းပဲ ကျောင်းသားတွေလည်း မြင်းဆေးကို သွားရောင်းတဲ့သူတွေလည်း ရှိနေပြီ။ ကျုပ်တို့သား၊ သမီးတွေကို လူတော်လူကောင်း ဖြစ်ဖို့ လိုချင်ပါတယ်၊ ရည်ရွယ်ပါတယ်။ အဲဒီ မူးယစ်ဆေးဝါးကြောင့် ကျုပ်တို့ သား၊ သမီးတွေ ဘ၀ပျက်ကုန်ပါပြီ။ အဲဒါကြောင့်မို့လို့ စနိုင်တဲ့ဘက်က ဆောင်ရွက်လို့ ရနိုင်ဘက်က ကူညီဆောင်ရွက်ပေးပါတဲ့၊ ဒါကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီ ကို ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။”

ဒါ့အပြင် လက်နက်ကိုင်အဖွဲ့အစည်းတွေထဲမှာလည်း မူးယစ်ဆေးဝါးနဲ့ မကင်းတာတွေရှိနေ တယ်လို့လည်း သိရပြီး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ဖော်ထုတ်မိရင်တော့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

လက်ရှိမှာလည်း ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဆက်ဆံရေးရုံးက တာဝန်ရှိသူ တွေကိုခေါ်ယူပြီး မူးယစ်ဆေ၀ါးနဲ့ပတ်သက်လို့ ထိရောက်စွာကာကွယ်ကူညီဖို့ ပြောဆိုလာတာ ရှိတယ်လို့ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (ဒီကေဘီအေ) ရဲ့ မြ၀တီ ဆက်ဆံရေး တာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ပြောပါ တယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကရင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်နန်းခင်ထွေးမြင့်ကတော့ ကရင် ပြည်နယ်အတွင်း မှာ သံတောင်မြို့နယ်ကလွဲရင် ကျန်မြို့နယ် ၆ ခုလုံးမှာ မူးယစ်ဆေးဝါး ပြဿ နာ တွေ ဆိုးဆိုးဝါးဖြစ် ပွားနေကြောင်း ပြည်သူတွေက အဖွဲ့ချုပ်ဆီ တင်ပြထားတယ်လို့ ပြောပါတယ်။

“အန်တီတို့ ၆ လပတ်တခါ အစည်းအဝေးမှာ မြို့နယ်တွေက တင်လာတဲ့ စာတွေရှိတယ်။ အန်တီတို့ဆီမှာ ရှိတဲ့ ကရင်ပြည်နယ်ရဲ့ မြို့နယ်တွေအကုန်လုံးက မူးယစ်ဆေးဝါးကို တင်ကြတယ်။ မြ၀တီတို့ ဘာတို့ဆိုရင် သူတို့ဒေသမှာကို မူးယစ်ဆေးဝါး ထုတ်နေတယ်လို့ ကြားသိရတယ်။ နောက်ပြီးတော့ ဒီ့ပြင်မြို့နယ်မှာဆိုရင် ကျောင်းတွေမှာ ကလေးတွေဟာ တော်တော်လေးကို ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီတဲ့၊ သူတို့ကို ဒါတွေ အမြန်ဆုံး ဆောင်ရွက်ပေးပါလို့ တင်တယ်။ ၇ မြို့နယ်မှာ သံတောင် တခုပဲ မပါတာ။ ကျန်တဲ့ ၆ မြို့နယ်က အကုန်ပါတယ်။ အလယ်တန်းအဆင့်လောက်အထိ နည်းနည်းတော်သေးတယ်၊ အလယ်တန်းကျော်သွားတဲ့ ယောက်ျားလေးဆိုရင် မသုံးစွဲဘူးတဲ့သူ မရှိဘူးတဲ့။”

ဒေသခံတွေရဲ့ တင်ပြန်ချက်အရ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေဟာ လက်နက်ကိုင်ဆောင်တဲ့ အဖွဲ့ကို အကာကွယ်ပြုပြီး လုပ်ဆောင်နေကြတယ်ဆိုပြီး တင်ပြလာတာများတယ်လို့ ပြောပါတယ်။

အလားတူ ဘားအံမြို့အမှတ် ၄ ရပ်ကွက် ရာအိမ်မှူးးတဦးကလည်း ဘာအံမြို့မှာ ကြုံတွေ့ နေရတဲ့ မူးယစ်ဆေး ၀ါးပြဿ နာနဲ့ ပတ်သက်ပြီး ခုလိုပြောပါတယ်။

“ဘားအံမှာတော့ မူးယစ်ဆေးအနေနဲ့ ဆိုရင် ရွာတွေမှာတို့ မြ၀တီအစွန်အဖျားတွေမှာ တော်တော်များများ သုံးကြတယ်။ ပန်းသီးဂိမ်းတွေ ကာစီနိုဂိမ်းတွေမှာ တွဲရောင်းပြီးတော့ အဲဒီမှာ ဥပဒေလွှမ်းမိုးမှုလက်တံ မမီတမီ ဖြစ်နေရာတွေပေါ့။ အဲဒီမှာ ပါဝင်ပတ်သက်နေတဲ့ အပိုင်းက ငြိမ်းချမ်းရေးအဖွဲ့တွေရဲ့ အကာ အကွယ်တွေယူပြီး ပထမပိုင်းကတော့ လုပ်နေတာပေါ့။ အခု ငြိမ်းချမ်းရေး အဖွဲ့တွေက နိုင်ငံရေးပါတီတွေနဲ့ ဥပဒေဘောင်အတွင်းက လုပ်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်လေးတွေ တွေ့ရတယ်။ အဲဒါလေးတွေကြောင့် ဒါတွေကို ကရင်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ပေါင်းပြီး ဒါတွေ လုပ်တာလည်း တွေ့ရတယ်။ ပထမက ပေါ်တင်ပေါ့၊ ဘောင်းဘီအိတ်ထဲ နိုက်လိုက်မယ်ဆိုရင် လွယ်လွယ်ကူကူ တွေ့ရှိ နိုင်လောက်တဲ့ အနေအထားတွေ ရှိတယ်။”

ကရင်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အမည်ခံပြီး မူးယစ်ဆေးဝါးနဲ့ လက်နက်တွေ၊ဖမ်းဆီးရ မိမှု သတင်းတွေ မကြာခဏ ဆိုသလို ထွက်ပေါ်ခဲ့ပါတယ်။

မူးယစ်ဆးဝါးတိုက်ဖျက်ရေးကော်မတီမဖွဲ့ခင် ပြီးခဲ့တဲ့ ဇွန်လကတော့ အစိုးရနဲ့ကရင်လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပြီး ကရင်ပြည်က မြို့နယ်တော်တော်များများကို ကွင်းဆင်းကာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အသိပညာပေးဟောပြောပွဲတွေ နယ်လှည့် ပြုလုပ်ခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List