Tuesday, July 08, 2014

လှုံ့ဆော်မှုများ မလုပ်နိုင်ရန် မန္တလေးဗလီများတွင် တာဝန်ရှိသူမှလွဲ၍ တရားဟောပြောခွင့် မပြုဟုဆို



မန္တလေးမြို့တော် ပဋိပက္ခဖြစ်စဉ်တွင် လှုံ့ဆော်သူတစ်ဦးက ဗလီတွင် လူငယ်များကို စည်းရုံးခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူမှလွဲ၍ ဗလီတွင် တရားဟောပြောခွင့် မပြုရန် ဗလီဆရာများ အားလုံးကို ပြောကြားထားကြောင်း မန္တလေးမြို့ အစ္စလာမ် သာသနာရေးကောင်စီ တိုင်းအမှုဆောင် ဦးခင်မောင်သန်းက ပြောကြားသည်။
မန္တလေးမြို့တော်ရှိ အစ္စလာမ်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်း ခြောက်ခုမှ ကိုယ်စားလှယ်များ တက်ရောက်သည့် ဆွေးနွေးပွဲကို ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ၈၂ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ အိုလမာ အစ္စလာမ် သာသနာပြု ရုံးခန်းတွင် ကျင်းပခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲက ဗလီများတွင် သက်ဆိုင်ရာ တာဝန်ရှိသူကသာ တရားဟောခွင့်၊ သက်ဆိုင်ရာ ဂေါပက ခွင့်ပြုချက်မရှိဘဲ လူစုဝေးခြင်း မပြုရန်နှင့် ပဋိပက္ခဖြစ်ပွားရေး လှုံ့ဆော်မှု မပြုရေး တားမြစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

“ဂျွန်းဗလီက ဗလီဆရာ၊ ဝန်ထမ်းတွေ အပါအဝင် လေးဦးကို အမှုဖွင့်ထားတာ၊ အမှန်က အဲ့ဒီဗလီကို ဗလီက တာဝန်ရှိသူ မဟုတ်ဘဲနဲ့ ဘာသာရေး ဆရာတစ်ဦး ရောက်လာပြီး တရားဟောတယ်၊ လူငယ်တွေကို ဆွတယ်၊ စည်းရုံး လှုံ့ဆော်တယ်၊ ဗလီအပြင် ထွက်တာတွေ ရှိတယ်၊ အဲ့ဒီ ဘာသာရေးဆရာက မန္တလေးနဲ့ မစိမ်းပါဘူး။ အရင်ကလည်း လာနေကျ၊ ဘာသာရေးနဲ့ဆိုင်တဲ့ ဘွဲ့လည်း ယူထားတယ် ဆိုတယ်။ ဒါပေမဲ့ ခုကျတော့ သူက စည်းရုံး လှုံ့ဆော်တော့ လူငယ်တွေကို ထိန်းမရတော့ဘူး ဖြစ်ကုန်တာ။ ဒါကြောင့် ဒီလို စည်းကမ်းချက်တွေ ထုတ်လိုက်တာ” ဟု ၎င်းက ထပ်မံဆိုသည်။

အဆိုပါ ဂျွန်းဗလီကို ဇူလိုင်လ ၄ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် ဝင်ရောက် စစ်ဆေးခဲ့ရာ ဖန်ဂေါ်လီ၊ လှံ၊ ကုန်းသီး၊ ဓားရှည်များကို သိမ်းဆည်းရမိခဲ့ပြီး ယင်းပစ္စည်းများနှင့် ပတ်သက်သူ ၅ ဦးကို အမှတ် ၈ နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် ခေါ်ယူစစ်ဆေးလျက် ရှိပြီး သက်ဆိုင်ရာ လက်နက်ပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့တော်တွင် ဇူလိုင်လ ၁ ရက်နေ့ညမှ စတင်ကာ ဘာသာရေး ပဋိပက္ခအသွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့ပြီး လူနှစ်ဦး သေးဆုံးခဲ့သည့် ဖြစ်စဉ်ကြောင့် ဇူလိုင်လ ၃ ရက်နေ့မှ စတင်ကာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List