Wednesday, July 09, 2014

စောထွန်းထွန်းအား ပေါက်ကွဲအက်(၃)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချလူသတ်မှုပုဒ်မဖြင့် ဆက်လက်တရားစွဲဆိုထား


၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်က တောင်ငူမြို့ တွင် ဖြစ်ပွားခဲ့သော ချမ်းမြေ့ တည်းခိုခန်း ဗုံးပေါက် ကွဲမှု၌ အဓိက  ပါဝင်ပတ်သက်ခဲ့သူ တရားခံစောထွန်းထွန်းအား ဇူလိုင် ၄ ရက်တွင် တောင်ငူခရိုင် တရား ရုံးက၁၉၈၀ ခုနှစ် ပေါက်ကွဲစေတတ်သော ၀တ္တုပစ္စည်းများ အက်ဥပဒေ(၃)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ်တိတိ အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

စောထွန်းထွန်းကို  ကရင်အမျိုးသားအစည်းအရုံး ကျောက်ကြီးမြို့နယ် ဆက်ဆံရေးရုံးခွဲမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ဒုတိယ ညွှန်ကြားရေးမှူး(မှုခင်း) ဒုတိယရဲမှူးကြီး စိန်ဝင်းခေါင်းဆောင်သော တောင်ငူခရိုင် ရဲတပ်ဖွဲ့သို့ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က လွှဲပြောင်းပေးအပ်ခဲ့ပြီး ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် တောင်ငူခရိုင်တရားရုံး၊ ဒုတိယခရိုင်တရား သူကြီး (၂) ရုံး၌ ပုဒ်မ ၃၀၂ ဖြင့်  ရုံးတင် တရားစွဲ ဆိုခဲ့သည်။ ထို့အပြင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ဖြင့် ရာကြီး အမှတ် ၅/၁၄ ပေါက်ကွဲအက် (၃) ဖြင့် ထပ်မံတရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

စောထွန်းထွန်းအား တောင်ငူခရိုင် တရားရုံးက ပေါက်ကွဲအက် (၃) ပြစ်မှုပုဒ်မဖြင့် ပြစ်ဒဏ်ချမှတ် ခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်လျက်ရှိသော ဖောက်ခွဲရေးတာဝန်ခံ စောတ၀ါး(ခ) တ၀ါး၊ တပ်ကုန်း ရွာဟောင်း၊ ကျောက်ကြီးမြို့ နေသူအား ပြစ်မှုဆိုင်ရာကျင့်သုံး ဥပဒေ ၈၇/၈၈ အရ ဖမ်းဝရမ်း ထုတ်ဆင့် ထားသည်။

ယင်းဗုံးဖောက်ခွဲနှင့် ပတ်သက်၍ စောထွန်းထွန်းအား တရားစတင်စွဲဆို ကြိုတင်ဖြောင့်ချက်ယူရာ၌ မြို့နယ် တရားသူကြီးရှေ့ မှောက်တွင် ၀န်ခံထွက်ဆို ဖြောင့်ချက်ပေးခဲ့သော်လည်း တောင်ငူခရိုင် တရားရုံးတွင်  စွဲချက်တင်တရားစွဲဆိုရာ၌ အပြစ်မရှိဟု ငြင်းဆိုခဲ့ကြောင်း တောင်ငူမြို့မရဲစခန်းမှ ရဲအုပ်လှိုင်ကျော်ဦး ကပြောသည်။

ထို့အပြင်စောထွန်းထွန်းမှာ လူသေမှုပြစ်မှုပုဒ်မ ၃၀၂/၃၂၄/ ၃၂၆ ဖြင့် ဆက်လက်တရား ရင်ဆိုင်လျက် ရှိကြောင်း သတင်းရရှိသည်။

အဆိုပါဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ချမ်းမြေ့တည်းခိုခန်းတွင် တည်းခိုနေသူ တောင်ငူဘူတာ မီးရထား တပ်ခွဲ (၁၀)မှ တပ်သား နေမျိုးကျော်၊ ညောင်လေးပင်မြို့၊ မြို့မ (၄) ရပ်ကွက်နေသူ မယုခိုင်တို့ သေဆုံးခဲ့ပြီး ညောင်လေးပင်မြို့မှ မငြိမ်းငြိမ်းအေးမှာ ဒဏ်ရာများ ရရှိခဲ့သည်။

7Day News Journal 

No comments:

Post a Comment

My Blog List