Thursday, July 10, 2014

ဆိုမာလီသမ္မတ နန်းတော်ကို အယ်ရှာဘတ် စစ်သွေးကြွများ တိုက်ခိုက်


ဆိုမာလီနိုင်ငံ၏ မြို့တော်မိုဂါဒစ်ရှူးရှိ သမ္မတနန်းတော်ကို အစ္စလာမ္မစ်သူပုန် အယ်ရှာဘတ်များက တိုက်ခိုက် ခဲ့ကာ အခိုင်အမာကာကွယ်ထားသော ယင်းခြံဝင်းအတွင်းသို့ပင် ဝင်ရောက်ခဲ့ကြောင်း AFP သတင်း တစ်ရပ်က ဖော်ပြထားသည်။
အယ်ရှာဘတ် စစ်သွေးကြွများကို မီဒီယာများက ဆက်သွယ်မေးမြန်း ကြည့်သည့်အခါ တိုက်ခိုက်မှုက ဆက်လက်ဖြစ်ပွားနေကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ဆိုမာလီအစိုးရ အရာရှိတစ်ဦးကမူ တိုက်ခိုက်မှု ပြီးဆုံးသွားပြီ ဖြစ်ပြီး စစ်သွေးကြွများ အားလုံး သေဆုံးသွားကြောင်း ပြောဆိုထားသည်။

တိုက်ခိုက်မှု ဖြစ်ပွားနေစဉ် သမ္မတ ဟက်ဆန်ရှိတ်မိုဟာမက်က နန်းတော်ထဲတွင် မရှိနေပေ။

အယ်ကေဒါနှင့် အဆက်အစပ် ရှိသော အယ်ရှာဘတ် အဖွဲ့သည် မြို့တော် မိုဂါဒစ်ရှူးမှ ၂၀၁၁ ခုနှစ်က တည်းက ဆုတ်ခွာပေးလိုက်ရပြီ ဖြစ်သော်လည်း တိုက်ခိုက်မှုများ ရံဖန်ရံခါ ပြုလုပ်ကြဆဲ ဖြစ်သည်။

အစ္စလာမ်ဘာသာ၏ လမြတ်အချိန်အခါ ဖြစ်သော ရာမာဒန် ဥပုသ်ကာလတွင် တိုက်ခိုက်မှုများကို အရှိန်မြှင့်ပြီး လုပ်ဆောင်မည် ဖြစ်ကြောင်း အဆိုပါအုပ်စုက ကြွေးကြော်ထားသည်။

ပြီးခဲ့သည့် စနေနေ့က အသေခံကားဗုံးခွဲတိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူလေးဦး သေဆုံး သွားခဲ့ရသည်။

တိုက်ခိုက်မှု ဖြစ်ပွားစဉ် ဆိုမာလီသမ္မတသည် သမ္မတနန်းတော်၌ မရှိဘဲ လေဆိပ်အနီးရှိ ဆိုမာလီ နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်၏ နေအိမ်သို့ ရောက်ရှိနေသည်။

Villa Somalia ဟု အမည်ရသော သမ္မတအိမ်တော်သည် အာဖရိကသမဂ္ဂ စစ်သားများက စောင့်ရှောက် ထားသော လုံခြုံရေး အလွန်ထူထပ်သည့် နေရာဖြစ်ကာ ဆိုမာလီစစ်ရဲများ ခြံရံပြီး သံအမတ်ကြီးအိမ် သွားနေသဖြင့် တိုက်ခိုက်မှု ဖြစ်ပွားစဉ် ၎င်းမရှိခြင်း ဖြစ်သည်။

သမ္မတ အိမ်တော်သည် အစိုးရအဖွဲ့ ရုံးလည်းဖြစ်ပြီး ထိပ်တန်းအစိုးရ အရာရှိများ ယင်းအိမ်တော်တွင် နေ ထိုင်ပြီး အလုပ်လုပ်ကြသည်။

ဝန်ကြီးချုပ်နှင့် ပါလီမန် ဥက္ကဋ္ဌတို့ ယင်းအိမ်တော်ထဲတွင် ရှိမရှိကိုမူ အတည်မပြုနိုင်သကဲ့သို့ စစ်သွေးကြွ အင်အားကိုလည်း အတိအကျ မထုတ်ပြန်နိုင်သေးပေ။

The Voice Weekly

No comments:

Post a Comment

My Blog List