Thursday, July 10, 2014

ဂျပန် အကူအညီဖြင့် မြန်မာ့စာတိုက်လုပ်ငန်း မြို့ကြီးသုံးမြို့တွင် စတင် အဆင့်မြှင့်မည်



မြန်မာနိုင်ငံတွင် အသုံးပြုမှု လျော့နည်းလာသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် မြန်မာ့စာတိုက်လုပ်ငန်း အဆင့်မြှင့်တင်မှုကို ဂျပန်အကူအညီဖြင့် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် စတင်လုပ်ကိုင်မည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန (MIC) နိုင်ငံတကာ ဆက်ဆံရေးဌာန ဒါရိုက်တာ Mr. Masatoshi Kawano က ပြောကြားသည်။
အဆိုပါ စာတိုက် ဝန်ဆောင်မှု အဆင့်မြှင့်တင်ခြင်းကို ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ နည်းပညာအကူအညီပေးမည် ဖြစ်ပြီး ပြည်သူများ မြန်မာ့စာတိုက်လုပ်ငန်းမှ ပစ္စည်း (ပါဆယ်) များနှင့် စာများကို အချိန်အတိအကျဖြင့် ပေးပို့နိုင်သည်အထိ လုပ်ဆောင်နိုင်ရန် ဝန်ထမ်းများကို သင်တန်းပေးခြင်း၊ စာပို့ဝန်ဆောင်မှု အသစ်များကို မိတ်ဆက်ပေးခြင်းနှင့် စာပို့ကွန်ရက်ကို ချဲ့ထွင်ရန် အကူအညီပေးခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“လူမှုစီးပွားရေးမှာ တကယ့်ကို အခြေခံကျတဲ့ လုပ်ငန်းဖြစ်တယ်။ မြန်မာပြည်မှာ ရှိတဲ့ စာတိုက်လုပ်ငန်း ဆိုတာက အများပြည်သူ ဝန်ဆောင်မှုအနေနဲ့ လေးစားရတယ်။ ယုံကြည်အားကိုးရတယ် ဆိုတဲ့ လုပ်ငန်းဆိုတာမျိုး ဖြစ်မနေဘူး ဆိုတာ တွေ့ရတယ်” ဟု ၎င်းကဆိုသည်။

ပြည်တွင်း၌ စာပို့ခြင်း၊ ပစ္စည်း (ပါဆယ်) လွှဲခြင်းများကို အစိုးရ၏ မြန်မာ့စာတိုက် လုပ်ငန်းမှ တစ်ဆင့် ပေးပို့ရာတွင် အချိန်ကြာမြင့်ခြင်း များကြောင့် အဝေးပြေး မော်တော်ယာဉ်လိုင်းများကို သုံး၍ လွှဲပြောင်းကြောင်း၊ ရက်အတိအကျဖြင့် စိတ်ချလက်ချ ပေးပို့နိုင်သည် ဆိုပါက အဆင်ပြေ သောကြောင့် မြန်မာ့စာတိုက် လုပ်ငန်းကို သုံးမည်ဖြစ်ကြောင်း ရန်ကုန်မြို့မှ ပြည်မြိုသို့ ပစ္စည်းလွှဲပြောင်းလေ့ ရှိသူ ကျောက်မြောင်းမြို့နယ်တွင် နေထိုင်သော အမျိုးသမီးတစ်ဦးက ပြောကြားသည်။ 

“တစ်ခါပို့လိုက်တာ ပစ္စည်းရှာနေရတာ များလို့ဆိုပြီး တစ်ပတ်လောက် ကြာတယ်။ အချိန်အတိအကျ ရမယ်၊ စိတ်ချရမယ် ဆိုရင်တော့ အောင်မင်္ဂလာ အဝေးပြေးထိ သွားပြီး မပို့တော့ဘူး” ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။

အချိန်အတိအကျဖြင့် ရောက်ရှိအောင် ပေးပို့နိုင်ခြင်းသည် စာတိုက်လုပ်ငန်း တွင် အရေးပါပြီး ဂျပန်နိုင်ငံတွင် ပစ္စည်းနှင့် စာများ ပေးပို့ပါက တစ်ရက်မှ နှစ်ရက်အတွင်း ရောက်ရှိအောင် ပေးပို့နိုင်သည်အထိ လုပ်ဆောင်ထား ကြောင်း၊ မြန်မာ့စာတိုက်လုပ်ငန်းကို အဆင့်မြှင့်တင်ရာတွင် ကြီးမားသည့် စိန်ခေါ်မှုများ မတွေ့သေးကြောင်း၊ မြို့တော်များသာမက ကျေးလက်ဒေသ အထိပါ အဆင့်မြှင့်တင်နိုင်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း (MIC) နိုင်ငံတကာ ဆက်ဆံရေးဌာန ဒါရိုက်တာ Mr. Masatoshi Kawano က ထပ်လောင်း ပြောကြားသည်။

မြန်မာ့စာပို့လုပ်ငန်းကို အဆင့်မြှင့်တင်ရာတွင် အကူအညီပေးရန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းနှင့် ဂျပန်နိုင်ငံ ပြည်ထဲရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး Mr. Yoshitaka Shindo တို့ ၂၀၁၄ ခုနှစ် ဧပြီလက သဘောတူ လက်မှတ် ရေးထိုးခဲ့ပြီး မေလမှ စတင်၍ အဆင့်မြှင့်တင်ရန် လုပ်ဆောင် ခဲ့ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာနမှ စုံစမ်းသိရှိရသည်။

ဂျပန်စာပို့လုပ်ငန်းသည် နှစ်စဉ် စာနှင့် ပစ္စည်းအမျိုးအစားပေါင်း ၂၁ ဘီလီယံကျော် ပေးပို့လွှဲပြောင်းမှုများ ပြုလုပ် ရကြောင်း ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List