Wednesday, May 27, 2015

မဲဆန္ဒရှင် စာရင်းတွင် ပါဝင် မပါဝင်ကို ဝဘ်ဆိုဒ်မှ တဆင့်ကြည့်ရှုနိုင်


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၅ အထွေထွေရွေး ကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင် စာရင်းကို ကွန်ပျူတာစနစ်ဖြင့် ပြုစုခြင်းများ ဆောင်ရွက်နေပြီး မဲဆန္ဒရှင်စာရင်းတွင် ပါဝင်သည့် အမည်နှင့် အချက်အလက်များကို ဝင်ရောက် စစ်ဆေးနိုင်သည့် ဝက်ဘ်ဆိုက်ကို မေလ  ၂၆ ရက်က  လွှင့်တင်ခဲ့ပြီ ဖြစ်သောကြောင့် မဲဆန္ဒရှင်များ အနေဖြင့် မိမိ အမည် ပါမပါကို အွန်လိုင်းမှ တဆင့် ကြည့်ရှုနိုင်ပြီ ဖြစ်သည်။

သို့သော်လည်း ယင်းဝဘ်ဆိုဒ်တွင် မြို့နယ်အားလုံးရှိ  မဲဆန္ဒရှင်များ၏ အမည်စာရင်းကို ဝင်ရောက် စစ်ဆေးရန် အဆင်သင့် မဖြစ်သေးဟု ရန်ကုန်တိုင်းဒေသကြီး  ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးကိုကိုက မဇ္ဈိမကို ပြောသည်။

ဦးကိုကိုက "လောလောဆယ်မဲဆန္ဒရှင် စာရင်းက  ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာဆိုရင် အားလုံး မရသေးပါဘူး။ ပထမအဆင့် ၁၀ မြို့နယ် မှာတောင် ဗိုလ်တစ်ထောင်၊ ဒေါပုံနဲ့ ပုဇွန်တောင်မြို့နယ်တွေမှာ မရသေး ပါဘူး။ ဇွန်လ ၈ ရက်နဲ့ ၂၂ ရက်တွေမှာ တတိယ နဲ့  စတုတ္ထအဆင့်မြို့ နယ်တွေရဲ့ မဲဆန္ဒရှင်စာရင်းတွေ ကပ်ပြီးမှပဲ အားလုံးရမှာပါ" ဟု ဆိုသည်။

မဲဆန္ဒရှင်များအနေဖြင့် မိမိစာရင်းကို တိုက်ဆိုင်စစ်ဆေးနိုင်ရန်အတွက်checkvoterlist.uecmyanmar.org တွင် ဝင်ရောက် စစ်ဆေးနိုင်မည် ဖြစ်သည်။  

ယင်းဝက်ဘ်ဆိုက်တွင် မဲဆန္ဒရှင်များအနေဖြင့် အမည်နှင့် မှတ်ပုံတင် အမှတ်ကို ရိုက်ထည့်ပြီး အချက်အလက်များ မှန်ကန်မှု ရှိ/မရှိ နှင့် မဲဆန္ဒရှင်စာရင်းတွင် ပါ/မပါကို စစ်ဆေးနိုင်မည် ဖြစ်သည်။ အချက်အလက် မှန်ကန်မှု မရှိခြင်းနှင့် မဲဆန္ဒရှင်စာရင်းတွင် မပါဝင်ခြင်းများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးလက်များရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံတွင် စုံစမ်းနိုင်ပြီး အမည်စာရင်းတွင် မပါဝင်ပါက ပုံစံ(၃) ဖြင့် လျှောက်ထားရ မည်ဖြစ်ပြီး အချက်အလက်များ မမှန်ကန်ပါက ပုံစံ(၄-ဂ) ဖြင့် လျှောက်ထား ရမည် ဖြစ်သည်။

လက်ရှိတွင် အခြေခံ မဲဆန္ဒရှင် စာရင်း ကြေညာထားသော မြို့နယ်များမှ ပထမအကြိမ် အဖြစ် ရန်ကုန်တိုင်းဒေသကြီးတွင် ၁၀ မြို့နယ် ကြေညာ ထားပြီး ဒုတိယအကြိမ် အဖြစ် မေ ၂၅ ရက်မှ စတင်၍ ရန်ကုန်တိုင်း ဒေသကြီး ၁၄ မြို့နယ်နှင့် နေပြည်တော် ကောင်စီ နယ်မြေ ရှစ်မြို့နယ်တို့ တွင် ကြေညာ ထားပြီး နှစ်ပတ်တိတိ စာရင်းကပ်ထားပေးမည် ဖြစ်သည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို လာမည့် အောက်တိုဘာ နောက်ဆုံးပတ် သို့မဟုတ် နိုဝင်ဘာ ပထမပတ်အတွင်းတွင် ကျင်းပပေး မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပြီး ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List