၂၀၁၅ အထွေထွေရွေးကောက်ပွဲ နီးကပ်လာသောကြောင့် ကိုးကန့်ဒေသ တိုက်ပွဲများအတွင်း ပါဝင်နေသော လက်နက်ကိုင်တပ်ဖွဲ့များ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ရန် တောင်းဆိုကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။
ထို့အပြင် သုံးလကျော် ကြာမြင့်လာပြီ ဖြစ်သော ကိုးကန့်ဒေသအတွင်း တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်လက်နက်ကိုင်တို့၏ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါက တိုင်းပြည်အတွက် အသက်ပေါင်းများစွာ ပေးဆပ်နေရမည် ဖြစ်သကဲ့သို့ နိုင်ငံတော်ဘဏ္ဍာငွေ များစွာ ဆုံးရှုံးနေမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။
တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်လက်နက်ကိုင်များ အကြား ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်သော တိုက်ပွဲများ ဖြစ်ပွားနေခြင်းမှာ ရက်ပေါင်း ၁၀၀ ကျော် ကြာမြင့်သည်အထိ ရပ်တန့်ခြင်းမရှိသည့် အပြင် ကိုးကန့်လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က သတင်းမီဒီယာများ သို့ ပြောကြားထားသည်။ ထို့အပြင် မေလ ၁၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် လောက်ကိုင်ဒေသအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားခြင်းကို ရက်ပေါင်း ၉၀ ထပ်မံတိုးမြှင့် ရန် အတည်ပြုထားသည်။
တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ အကြား တိုက်ပွဲများ ဖြစ်ပွားနေသော ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် အတွင်းရှိ ဒေသများတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကာလ နယ်မြေတည်ငြိမ်မှု မရှိပါက ရွေးကောက်ပွဲ ပြုလုပ်မည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။
The Voice Weekly
No comments:
Post a Comment