Thursday, May 28, 2015

မိုဘိုင်းဖုန်း ကြိုတင်ငွေဖြည့်မှုမှ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကောက်ခံ မည့် အစီအစဉ်အား ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဆိုင်းငံ့


မိုဘိုင်းဖုန်း ကြိုတင်ငွေဖြည့်မှုမှ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကောက်ခံမည့် အစီအစဉ်အား လက်ရှိ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဆိုင်းငံ့ရန် ပြည်ထောင်စုလွှတ်တော်မှ မေ ၂၇ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီး အမရပူရ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက “နိုင်ငံတော်အတွင်း မိုဘိုင်းဖုန်းသုံးစွဲသူ အများပြည်သူတို့၏ ဖုန်းခေါ်ဆိုခ ကြိုတင်ပေးသွင်းငွေများထဲမှ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ဖြတ်တောက်ကောက်ခံမည့်ကိစ္စကို ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဆိုင်းငံ့ထားရန် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း” အရေးကြီးအဆိုအပေါ် လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦးက ဆွေးနွေးခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒရယူခဲ့ရာတွင် ကန့်ကွက်သူမရှိသဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဦးသိန်းထွန်းဦးက ယခင်က မိုဘိုင်းဖုန်းတစ်လုံးအား နိုင်ငံတော်မှ ကျပ် ၁၅ သိန်း၊ ကျပ်ငါးသိန်း၊ ကျပ်နှစ်သိန်းနှုန်းဖြင့် ၀ယ်ယူခွင့်ပြုခဲ့ချိန်တွင် ယခုကဲ့သို့ ကုန်သွယ်လုပ်ငန်းခွန်အား နိုင်ငံတော်မှ ကောက်ခံခဲ့ခြင်းမ
ရှိကြောင်း၊ ယခုကဲ့သို့ မိုဘိုင်းဖုန်းများအား ကျပ် ၁၅၀၀ နှုန်းဖြင့် အလွယ်တကူ ၀ယ်ယူခွင့် ရရှိလာခဲ့ချိန်တွင် ဖုန်းအသုံးပြုသူ အရေအတွက်မှာ သန်း ၂၀ အထိ ရှိလာကြောင်း၊ ထိုအချိန်၌ ဖုန်းခေါ်ဆိုခ ပေးသွင်းငွေများထဲမှ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းအား လာမည့် ဇွန် ၁ ရက်မှ စတင်ကောက်ခံမည်ဆိုသည့် သတင်းများအား ပြည်သူများသိရှိချိန်တွင် မကျေမနပ်ဖြစ်မှု အသံများ ထွက်ပေါ်လာကြောင်း၊ ပြည်သူ့အသံကို အလေးထားစဉ်းစား သုံးသပ်ရန်အတွက် မိုဘိုင်းဖုန်းသုံးစွဲသူ အများပြည်သူတို့၏ ဖုန်းခေါ်ဆိုခ ကြိုတင်ပေးသွင်းငွေများထဲမှ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ဖြတ်တောက်ကောက်ခံမည့် ကိစ္စကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဆိုင်းငံ့ထားရန် လွှတ်တော်သို့ အရေးကြီးအဆို တင်သွင်းခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦးတင်မောင်ဝင်း၊ ဒေါက်တာဗညားအောင်မိုး၊ ဦးအေး၊ ဦးစိုးသိမ်း၊ ဒေါ်ခင်ဝိုင်းကြည်နှင့် ဦးဝင်းသန်းတို့က အဆိုအပေါ် ပါဝင်ဆွေးနွေးခဲ့ပြီး အများစုမှာ အဆိုကို ထောက်ခံဆွေးနွေးခဲ့ကြသည်။

၎င်းအဆိုနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်အတိုင်း လိုက်နာမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “အခုလို အခွန်ကောက်တာ လျော်ကန်မျှတမှု ရှိမရှိ၊ နှုန်းထားနဲ့ ပတ်သက်လို့ လျော်ကန်တယ်ဆိုရင်တောင် ဒီကာလအတွင်း ကောက်သင့်၊ မကောက်သင့်။ ဒီဟာတွေ အဓိက ဆွေးနွေးသွားတာ ရှိပါတယ်။ ဒီအခွန်ကို ဒီနှုန်းထားနဲ့ ကောက်တဲ့အခါမှာ မသိတဲ့ကိစ္စကို အခုလို ရုတ်တရက် ကောက်လိုက်တဲ့အတွက် ကျွန်တော်တို့ နိုင်ငံသားများ အနေနဲ့ ဒီလိုဟာမျိုး ခံစားနိုင်မှု မရှိဘူး၊ ကျင့်သားမရဘူး ဖြစ်တဲ့အခါမှာ ဒီအပေါ် မူတည်ပြီးတော့ ဘာတွေဆိုးကျိုးဖြစ်လာမလဲဆိုတာ မိမိတို့မျှော်မှန်းလို့ မရနိုင်တဲ့ အခြေအနေပဲ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အခွန်ကိစ္စမှာ လွန်စွာရှုပ်ထွေးကျယ်ပြန့်သည့် ကိစ္စဖြစ်သည့်အတွက် ပြည်သူများ နားမလည်နိုင်သေးသည့် ကိစ္စများကို ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်ကာ လွှတ်တော်အနေဖြင့် ဆုံးဖြတ်လိုက်မည် ဆိုပါကလည်း လွှတ်တော်အနေဖြင့် တာဝန်မကင်းကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ထည့်သွင်းပြောကြားသည်။

ထို့နောက် အဆိုရှင် ဦးသိန်းထွန်းဦးက ပြည်သူအိတ်ထဲမှ ကျပ် ၁၀၀၀ လျှင် ၄၈ ကျပ် ဖြတ်မည့်စနစ်ထက် ပိုက်ဆံရှိသော ပုဂ္ဂိုလ်များထံမှဖြတ်လျှင် ပိုသင့်လျော်ကြောင်း၊ ပြည်သူများ၏ ခံစားချက်များအပေါ်မှ ယခုအဆိုအား တင်သွင်းရခြင်းဖြစ်ကြောင်း ထပ်မံဆွေးနွေးခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယကမှ လွှတ်တော်၏ သဘောထားရယူရာတွင် ကန့်ကွက်သူ မရှိသဖြင့် မိုဘိုင်းဖုန်း ကြိုတင်ငွေဖြည့်မှုမှ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကောက်ခံမည့် အစီအစဉ်အား လက်ရှိ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဆိုင်းငံ့ရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

Writer: 
ဝေယံဖြိုးဦး၊ စိုးမင်းထိုက်
Eleven Media Group


No comments:

Post a Comment

My Blog List