Friday, May 29, 2015

မပြောင်းလဲသေးသည့် ခုနစ်နှစ်သား ဖွဲ့စည်းပုံ အခြေခံဥပဒေ


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (န.အ.ဖ) အစိုးရလက်ထက်က အစပြုပြီး အသက်ဝင်လာခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျင့်သုံးလာခဲ့သည်မှာ ၂၀၁၅ ခုနှစ်၊ မေလ ၂၉ ရက်တွင် သက်တမ်းအားဖြင့် (၇) နှစ်တိတိ ပြည့်ခဲ့ပြီ ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု ပြဋ္ဌာန်းလိုက်ကြောင်း န.အ.ဖ အစိုးရက ကြေညာချက်အမှတ် ၇/၂၀၀၈ ဖြင့် ၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။

မြန်မာပြည်သူများကသာမက နိုင်ငံတကာကပါ ပြုပြင်ပြောင်းလဲသင့်သည်ဟု လက်ခံထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ သက်တမ်းသည် (၇)နှစ်ပြည့်ပြီ ဖြစ်သော်လည်း ပြုပြင်ပြောင်းလဲခြင်းမှာကား လက်ရှိအချိန်ထိ လုံးဝနတ္ထိ။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် စစ်ဗိုလ်ချုပ်ဟောင်းများဦးဆောင်သော အာဏာရ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး)ပါတီအမတ်များ နေရာအများဆုံး ယူထားသည့် ပြည်ထောင်စုလွှတ်တော် က ကြိုးပမ်းလာသည်မှာ (၂) နှစ်ကျော်ရှိလာပြီ ဖြစ်သော်လည်း အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပေ။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်နိုင်ခြင်း ရှိ၊ မရှိမှာ အစိုးရနှင့် အာဏာရပါတီ၏ အပေါ်တွင် မူတည်နေပြီး “နှောင့်နှေးနေရတဲ့ အကြောင်းရင်းဟာ လက်ရှိအာဏာရ အစိုးရနဲ့ အာဏာရပါတီရဲ့ နိုင်ငံရေးဆန္ဒအပေါ်မှာ သွားပြီးမူတည်နေတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တကယ်လုပ်မယ်ဆိုရင်တော့ ပြည်သူလူထုနဲ့ တိုင်းရင်းသားတွေရဲ့ ဆန္ဒနဲ့ ဖွဲ့စည်းပုံပြင်ဆင်မှုတွေကို ညှိနှိုင်းဆွေးနွေးပြီးတော့ လုပ်ဖို့လိုတယ်” ဟု ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ သောင်းထွန်းက ပြောသည်။

နော်ဝေနိုင်ငံတွင်မူ ၁၈၁၄ ခုနှစ်ကစပြီး ကျင့်သုံးခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နှစ်ပေါင်းနှစ်ရာအတွင်း အကြိမ်ပေါင်း ၂၀၀ ထက်မနည်း ပြင်ဆင်ခဲ့ပြီး ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်သူလူထုအတွက် အကျိုးမရှိပါက ပြင်ရမည်ဟု နော်ဝေနိုင်ငံ၏ ပဉ္စမမြောက် ဟာရယ်လ်ဘုရင်က ၂၀၁၄ နှစ်ကုန်ပိုင်းက မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်တွင် တိုက်တွန်း ပြောဆိုခဲ့သေးသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပခဲ့သည့် ၂ဝဝ၈ ခုနှစ်၊ မေလ ၁ဝ ရက်သည် ဖျက်အား ကမ္ဘာ့အဆင့် ရှစ်ရှိပြီး ပြည်သူတစ်သိန်းကျော်ကို သေစေခဲ့သော နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး ရက်သတ္တတစ်ပတ်ကျော်သာ ကြာသေးသည့် အချိန်ဖြစ်သည်။ အဆိုပါ ဆန္ဒခံယူပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူ ၉၂ ဒသမ ၄ ရာခိုင်နှုန်းက ထောက်ခံခဲ့သည်ဟု ထိုစဉ် စစ်အစိုးရက ကြေညာခဲ့သည်။

ရုပ်ဆိုးအကျည်းတန် ဖြစ်ရပ်ဖြစ်သော နာဂစ်မုန်တိုင်းတိုက်ခတ်မှုမှ စတင်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်နိုင်ပါက ၂၀၁၅ ရွေးကောက်ပွဲသည် “လွတ်လပ်ရင် လွတ်လပ်ပါလိမ့်မယ်၊ တရားမျှတမှုကတော့ ရှိလိမ့်မှာ မဟုတ်ပါဘူး” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။

လက်ရှိတွင် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရန်မှာ အချိန်ကာလအားဖြင့် ငါးလခန့်သာ လိုတော့ပြီး အခြေခံဥပဒေကို မပြင်ဘဲ ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက ၀ါရင့်အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ မည်သည့်နည်းနှင့်မျှ သမ္မတ ဖြစ်ခွင့်ရှိမည် မဟုတ်ပေ။

အကြောင်းမှာ စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ကွယ်လွန်သူ ခင်ပွန်းနှင့် အင်္ဂလန်နိုင်ငံသား ခံယူထားသည့် သားနှစ်ယောက်ရှိသော ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ကန့်သတ်ထားသောကြောင့် ဖြစ်သည်။

ထို့ပြင် အခြေခံ ဥပဒေပုဒ်မ ၄၃၆ သည်လည်း အခန်းပေါင်း ၁၅ ခန်းနှင့် ပုဒ်မပေါင်း ၄၀၀ ကျော် ပါရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုလုံးကို ပြင်မရအောင် ရေးဆွဲထားသည်ဟု အများစုက ယူဆနေကြသည်။ အဘယ်ကြောင့်ဆိုသော် ပုဒ်မ ၄၃၆ အရ ယင်းဥပဒေ၏ အရေးပါ အခရာကျသော ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ သဘောတူညီချက်ဖြင့်သာ ပြင်ဆင်နိုင်ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ရန်လည်း လိုသေးကာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ပြည်သူ ထက်ဝက်ကျော်က ထောက်ခံမှသာ ပြင်ဆင်နိုင်ခွင့်ပေးထားသည်။

ဥပဒေပြုရေး မဏ္ဍိုင်၏ အခရာကျသော ပြည်ထောင်စုလွှတ်တော်တွင်မူ စစ်တပ်က ၂၅ ရာခိုင်နှုန်းနှင့် အာဏာရပါတီက ၆၀ ရာခိုင်နှုန်းခန့် နေရာယူထားသည့်အတွက် ၎င်းတို့ သဘောမတူသည့် ပုဒ်မများကို ပြင်ဆင်နိုင်ဖွယ်ရာမရှိဟု ဦးသန်းစိုးနိုင်က ဆိုသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော်တွင်း ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့်အတူ ပူးတွဲနိုင်ငံရေး ကြေညာစာတမ်း တစ်စောင် ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ထားသည်။

အစိုးရက မြန်မာ့နိုင်ငံရေး ပြဿနာများကို လျစ်လျူရှုကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို မျက်ကွယ်ပြုထားသည်ဟုသာ ကြေညာစာတမ်းတွင် ပါရှိသည်။

သို့သော် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို မည်ကဲ့သို့ လုပ်ဆောင်သွားမည်ကိုမူ အဆိုပါ ကြေညာစာတမ်းတွင် တိတိကျကျ ထည့်သွင်းမထားသကဲ့သို့ ထုတ်ဖော်ပြောဆိုခြင်းလည်း မရှိပေ။

ထို့ကြောင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၅ အလွန် နိုင်ငံရေး အခင်းအကျင်းသည် လွတ်လပ်မှု၊ တရားမျှတမှုရှိ မရှိမှာ အစိုးရ၊ စစ်တပ်နှင့် အာဏာရပါတီတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သဘော ထား အပေါ်သာ မူတည်မည့် အနေအထား ဖြစ်နေသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List